စစ်ကောင်စီမှ ပိတ်ထားသည့် ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်များသို့ ရေကြောင်းလိုင်းများ နိုဝင်ဘာလ ၂၈ ရက်နေ့ ပြန်လည် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဥ် ကြေငြာချက်အရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှ အောက်တိုဘာလ ၁၉ရက်နေ့က စပြီး တောင်ကုတ်-ကျောက်ဖြူ-စစ်တွေ ရေလိုင်းမှအပ တခြား ရေကြောင်းပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဥ်ကို ပိတ်ထားခဲ့သည်။
ရွှေပြည်တန် အမြန်ရေယာဥ်လိုင်းသည် ရမ်းဗြဲ- ကျောက်နီမော်၊ တောင်ကုတ်- မာန်အောင်၊ စစ်တွေ – ကျောက်ဖြူ၊ မင်းပြား-မြေပုံ၊ စစ်တွေ-ပေါက်တော-ရသေးတောင် – ဘူးသီးတောင် စသည့်မြို့နယ်များကိုပုံမှန် မနက်ဖြန် နိုဝင်ဘာ ၂၈ ရက်နေ့မှ စပြီး ပြန်လည် ပုံမှန်ပြေးဆွဲနေသွားမည်ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်နှင့် တကျော့ပြန် တိုက်ပွဲကာလအစကတည်းက ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းကြောင်းများကို ပိတ်ထားခဲ့သည်။
ထိုသို့ ပိတ်ဆို့ထားမှုများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ပြီး၊ ခရီးသွားပြည်သူများမှာလည်း မိမိနေရပ်သို့ မရောက်နိုင်ဘဲ စစ်တွေနဲ့ တခြားမြို့နယ်များတွင် သောင်တင်နေခဲ့ရသည်။
၎င်းအပြင် နယ်မြို့များတွင် အထူးသဖြင့် တိုက်နယ်ဆေးရုံ ဆေးခန်းများတွင် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ခဲ့ရပြီး ဆေးကုသရန် အခက်အခဲ ကြုံခဲ့ကြရသည်။