ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း အလိုမရှိဟု စာရွက်များကပ်ကာ ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည်က ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြသည်ကို တွေ့ရကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။
ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကို ကန့်ကွက် ကမ်ပိန်းပြုလုပ်ခဲ့သည့်နေရာမှာ ကျောက်ဖြူမြို့၊ မဒေးကျွန်း သံဇစ်မြစ်တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထိုနေရာမှာ အမှတ် ၁ ရေနက်ဆိပ်ခံတံတားတည်ဆောက်မည့် နေရာဖြစ်သည်။
ကမ်ပိန်းစာရွက်များတွင် “ရေလုပ်သားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးပါ” “ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံရေလုပ်သားများအတွက် အဆိပ်မသင့်ပါစေနှင့်” “ဒေသခံများ သဘောတူညီမှု မပါသည့် စီမံကိန်း ချက်ချင်းရပ်” “ရေနက်ဆိပ်ကမ်း စီမံကိန်းအလိုမရှိ” ” ရေလုပ်သားများကိုလေးစားပါ” စသည့်စာရွက်များကို ဒီရေတောအပင်များတွက် ကပ်ထားပြီး ကမ်းပိန်းကို ပြုလုပိထားကြသည်။
၎င်းနေရာတလျှောက်တွင် လုပ်ကိုင်နေကြသည့် ရေလုပ်သားများနှင့် တိုင်ပင်ညှိနှိုင်းခြင်း မပြုလုပ်ဘဲ စက်ကြီးများဖြင့် ပင်လယ်ပြင်အတွင်း မြေစမ်းခြင်းများပြုလုပ်နေသည့်အတွက် ဒေသခံရေလုပ်သားများမှာ ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်လျက်ရှိနေကြောင်း အမည်မဖော်လိုသည့် ရေလုပ်သား တစ်ဦးက ပြောသည်။
“ရေနက်ဆိပ်ကမ်းဆောက်မယ်ဆိုပြီး ကျနော်တို့ လုပ်စားနေတဲ့ ပင်လယ်ပြင်မှာ လာပြီး စက်ကြီးတွေ၊ သင်္ဘောကြီးတွေနဲ့ လာလုပ်ကြတော့ ကျနော်တို့လုပ်စားနေတဲ့ ပိုက်တွေ အကုန်ပျက်စီးကုန်တယ်။ ကျနော်တို့နှင့် ဘာမှ ကြိုတင် ဆွေးနွေးညှိနှိုင်းတာလဲမရှိဘူး” ဟု ဆိုသည်။
ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်းတွင် ယခုရက်ပိုင်းအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစမ်းသပ်မှုများဖြစ်သည့် ရေအောက်မြေစစ်စမ်းသပ်ခြင်းများပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်ခြင်းများကြောင့် ထိုဒေသတွင် ရေလုပ်ငန်း လုပ်ကိုင်နေကြသည့် သူများမှာ ရေဂွင်များ ဆုံးရှုံးပျက်စီးခြင်း ပိုက်ကွန်များ ပျက်စီးခြင်းများ များစွာ ဖြစ်လျက်ရှိနေကြသည်။










