ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်းသိရသည်။
ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ စေတီယျ ရပ်ကွက်နေ ဦးစောလှထွန်း (၅၅ နှစ်) ခန့်ဖြစ်ပြီး နံနက် ၉ နာရီတွင် နေအိမ်မှ ဖမ်းဆီးခံရကြောင်းသိရသည်။
ကျောက်ဖြူအခြေစိုက် ခမရ ၃၄ တပ်ရင်းမှ ၎င်းအား ULA/AA နှင့်ဆက်စပ်သည်ဟု ဆိုကာ ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“မနက်ပိုင်း ၉ နာရီလောက်က ဖမ်းသွားတာ၊ ULA/AAနှင့် ဆက်စပ်မှုရှိလို့ ဖမ်းတာလို့ ပြောတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ABN သို့ ပြောသည်။
အောက်တိုဘာ ၃၁ ရက်မနေ့က နေ့လယ် ၁ နာရီခွဲခန့်တွင်လည်း ကျောက်ဖြူမြို့ ငလပွိရပ်ကွက်နေ ဦးတင်ခြမ်းအား ဖမ်းဆီးရန် စကစ မှ ၎င်းနေအိမ်သို့ ဝင်ရောက်ရှာဖွေ ခဲ့သော်လည်း ဦးတင်ခြမ်းမှ မိမိနေအိမ်တွင်ရှိမနေသည့်အတွက်ကြောင့် လွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါနေ့တွင်ပင် ကျောက်ဖြူ ငလပွိရပ်ကွက်မှ နေအိမ်အချို့ကို စစ်ကောင်စီတပ်များမှ ဝင်ရောက်ရှာဖွေမှုများရှိခဲ့သည်။
ကျောက်ဖြူတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသူ အရေအတွက်မှာ ၁၈ ဦးထိရှိခဲ့ပြီး ၈ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။