ABN – ရှိုင်းမိုး
ကျောက်တော်၊ သရပ်အုပ်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်ခဲဖြစ်နေသည်ဟု သိရသည်။
ကျောက်တော်မြို့ သရပ်အုပ်စစ်ပြေးရှောင်စခန်းတွင် နေထိုင်သူများမှာ ကျောက်တော်မြို့နယ် နဂရာရွာ၊ ရုပ်သားရွာ၊ မြင်းကပ်ရွာနှင့် မော်ရွာတို့မှဖြစ်ကြပြီး ပလက်ဝမြို့နယ်မှ တမန်းသားရွာ၊ အဘုတ်သားရွာ၊ စီညှပ်ဝရွာနှင့် ရချမ်းဝရွာမှလည်း ပါရှိကြောင်းသိရသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၃၆၀ နဲ့ လူဦးရေ ၁၅၄၇ ဦးရှိပြီး အဆောင်များမှာ တာလာပတ်အမိုးများဖြင့်ဖြစ်သသည်။
သရပ်အုပ်စစ်ဘေးရှောင်စခန်းတွင် တစ်အိမ်ထောင်ကို ဆန် ၅၀ ဗူးဆန့် ဆန် ၁ တောင်းစီရရှိပြီး အမျိုးသမီး၊ အမျိုးသား.တစ်ဦးချင်းစီကို ထမီတစ်ထည်၊ ပုဆိုးတစ်ထည်ကျစီပေးထားကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဆန်ကဗူး ၅၀ ဆန့်တစ်တောင်းပေးပါတယ်၊ လူနည်းလည်း တစ်တောင်းပေးပါတယ်၊ လူများလည်း ၁ တစ်အိမ်ထောင် တစ်တောင်းစီ ပေးပါတယ်၊ ပြီးတော့ ထမီတစ်ထည်နှင့် ပုဆိုးတစ်ထည် ပေးပါတယ်၊ ကျွန်မတို့မှာ ကလေးငယ်တွေနဲ့ လုပ်စားလို့လည်း အဆင်မပြေပါဘူး၊ ရိက္ခာကမလောက်ပါဘူး” ဟု ၎င်းကဆက်ပြောသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် သုံးရေကို ချောင်းမှသွားခတ်ယူ သုံးစွဲနေရပြီး သောက်ရေမှာလည်း ကန်မှ အလုံလောက်မရရှိကြောင်းသိရသည်။
သောက်ရေကန်တွင် ရေခမ်းသွားသည့်အတွက်ကြောင့် မြက်များပေါက်နေကြပြီး ရေနောက်နေသည့်အပြင် ရွှံ့နံ့များပါရကြောင်းသိရသည်။
“သုံးရေကို ချောင်းကခတ်သုံးနေရပါတယ်၊ ချောင်းရေလည်းတအားနောက်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့မှာ ရေမရှိလို့ မသုံးမဖြစ်သုံးနေရတာပါ၊ ချောင်းရေကိုမသုံးရင် သုံးစရာရေမရှိပါဘူး၊ သောက်ရေလည်း မလုံလောက်ပါဘူး ကန်ရေကလည်း အရမ်းနည်းနေပြီ၊ ပြီးတော့ ကန်ထဲမှာ မြက်တွေကလည်းပေါက်နေတော့ ရေက တအားနောက်ပါတယ်၊ လူပေါင်း ၁၀၀၀ ကျော်သောက်နေရတာပါ၊ အဲဒီကန်က ရေခမ်းသွားရင်ဘယ်က သွားခတ်ရမလဲမသိသေးဘူး၊ အဲဒီရေက မကြာခင်ခမ်းတော့မယ်” ဟု ဆက်ပြောသည်။
ထိုစစ်ဘေးရှောင်စခန်းမှာ အသစ်ဖြစ်ပြီး စခန်းချ နေထိုင်သည်မှ ၁ လခန့်သာရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ကျောက်တော်မြို့ရှိ ရထားဘူတာနှင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတို့တွင်လည်း သောက်သုံးရေအခက်ခဲဖြစ်နေသည်။




