သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် ပစ်ခတ်မှုဖြစ်ပွား အသက် ၇ နှစ်အရွယ် တစ်ဦးနှင့် ၈၀ အရွယ် လူကြီးတစ်ဦးသေဆုံး

 

ကျောက်တော်မြို့နယ် စကစ နေဗီမှ ပစ်လိုက်သည့် ကျည်ကျ၍ ရွှေပြည်သစ်ရွာမှ ၇ နှစ်သားအရွယ် တစ်ဦးနှင့် အသက် ၈၀ အရွယ် အဖိုးအိုတစ်ဦးယနေ့ နေ့လည်က သေဆုံးသွားခဲ့ရသည်။

ကုလားတန်မြစ်ကမ်းဘေးရှိ ရွှေပြည်သစ်ရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးနိုင်ဝင်းထွန်း၏သား ၇ နှစ်သားအရွယ် မောင်အောင်မင်းနိုင်နှင့် အသက် ၈၀ အရွယ်ရှိ ဦးမောင်တူးချေ တို့မှာ သေဆုံးခဲ့ရပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၄ ဦးထိရှိကြောင်း သိရသည်။

၇ နှစ်အရွယ် ကလေးငယ် မောင်အောင်မင်းနိုင်မှာ လက်နက်ကြီးကျသည့် ဦးခေါင်းတွင်ထိ၍ မာလာခွံပွင့်ထွက်ပြီး နေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးမောင်တူးချေ အသက် ၈၀ နှစ်မှာမူ ကျောက်တော်ဆေးရုံသို့ ဆေးကုသရန် ယူဆောင်စဥ် လမ်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ လက်နက်ကြီးကျည်ကျလို့ ကလေးလေး တစ်ယောက်နှင့် အဖိုးအို တစ်ဦးသေဆုံးသွားပါတယ်။ နှစ်ယောက်လုံးမှာ ကျည်ခေါင်းကို ထိမှန်လို့ သေသွားကြတာပါ၊ ကလေးကတော့ ကျည်ကျတဲ့ နေရာမှာပဲ သေသွားတယ်။ အဖိုးကိုက ဆေးရုံကို ယူတဲ့ လမ်းမှာ သေတာပါ” ဟု ရွာသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများမှာ မမိုးမိုးရီ အသက် ၂၁ နှစ်၊ ဦးနိုင်နိုင်ဦး အသက် ၃၀ နှစ်၊ ‌ဒေါ်ခိုင်ခိုင်မိုး အသက် ၃၁ နှစ်၊ မလေးခင် အသက် ၃၂ နှစ်တို့ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများ အားလုံးကို ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနိုင်ရန် ယူဆောင်သွားကြပြီဖြစ်ကြောင်း လူနာများအား လိုက်ပါ ကူညီပေးနေသူ တစ်ဦးက ABN ကိုပြောသည်။

ယနေ့ နေဗီမှ ပစ်ခတ်သည့် ကျည်ကြောင့် ရွှေပြည်သစ်ရွာတွင် နွားတစ်ကောင်လည်း ဒဏ်ရာရရှိသွားပြီး လူနေအိမ်များလည်း အများအပြားပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင်ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က လက်ဆံကောက် မူဆလင် ကျေးရွာမှ ဆွေတာမောက် အသက် ၂၅ နှစ် နှင့် မမာ့နူရ် အသက် ၁၀ နှစ်တို့တွင်လည်း ကျောက်တော်မြို့ စကစတပ် ၃၇၅ တပ်ရင်းမှ ပစ်သည့် လက်နက်ကြီး ကျည်ကျ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဆွေတာမောက် မူဆလင်အမျိုးသားတွင် ညဘက် လက်မောင်း ပြတ်လုနီးပါးထိ ဒဏ်ရာရရှိခဲ့ပြီး မူဆလင် ကလေးငယ်၏ ဒဏ်ရာကိုမူ ABN က စုံစမ်းနေဆဲဖြစ်သည်။

ပစ်ခတ်သည့် စစ်ကောင်စီတပ် ရေတပ်နေဗီ ၂ စီးမှာ ယနေ့ နံနက် ၆ နာရီ မိနစ် ၄၀ ကျော်က ကျောက်တော်မြို့နယ် ရောင်ဇုံ ကျေးရွာဖက်မှ ကုလားတန်မြစ်တလျှောက် တက်သွားသည့် နေဗီဖြစ်ပြီး ပီချောင်းဝ အရောက်တွင် ထိုနေပီများမှ စတင် ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ