ABN-ထက်မြတ်ခင်
မေလ ၃၁ရက်
ဖီလပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် မဝါအမည်ရမုန်တိုင်းသည် ပိုမိုအင်အားကောင်းလာနိုင်ပြီး ရခိုင်ပြည် သံတွဲမြို့နှင့် ကျောက်ဖြူမြို့ကြားတွင် ရွှေ့လျားနိုင်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်က ယနေ့နံနက်အချိန်တွင် ထုတ်ပြန်ထားသည်။
မဝါမုန်တိုင်းသည် ဇွန်လ ၈ရက် ညနေ ၄ နာရီခန့်မှာ သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက် ၉၃မိုင်ခန့်နှင့် ကျောက်ဖြူမြို့ တောင်-အနောက်တောင်ဘက် မိုင် ၁၂၀ခန့်ကို ရောက်ရှိလာနိုင်ပြီး မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွှေ့လျားနိုင်ကာ လေဖိအား 994hpaနဲ့ လေတိုက်နှုန်း တစ်နာရီလျင် ၆၀ မိုင်အထိရှိလာနိုင်ကြောင်းဖော်ပြထားသည်။
ထို့အပြင် ဇွန်လ ၈ရက်နေ့ ည၁၀နာရီခန့်မှာ မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားကာ ကျောက်ဖြူမြို့ အနောက်ဘက် မိုင် ၇၀ခန့်၊ စစ်တွေမြို့ တောင်-အနောက်တောင်ဘက် ၆၇မိုင်ခန့်ကို ရောက်ရှိလာနိုင်ကာ လေဖိအား 992hpaအထိဆင်းကာ လေတိုက်နှုန်း တစ်နာရီလျင် ၆၅မိုင်အထိရှိလာနိုင်ကြောင်းသိရသည်။
ဇွန်လ ၉ရက်နေ့ မနက် ၉နာရီခန့်မှာ စစ်တွေမြို့ အနောက်တောင်ဘက် ၃၅မိုင်ခန့်ကို ရောက်ရှိလာနိုင်ကာ ရုတ်တရက်အင်အားပိုကောင်းလာနိုင်ပြီး လေဖိအား 990hpa 982hpa လေတိုက်နှုန်း တစ်နာရီလျင် ၉၀မိုင်မှ ၁၀၀ထိရောက်ရှိလာနိုင်ကာ Mawar အမည်အရဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ကြောင်းသိရသည်။
မုန်တိုင်းတိုက်ခတ်ချိန်တွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းသိရသည်။