
AB News – မေ ၁၊ ၂၀၂၆
၅ နှစ်ကျော်ကြာ ပြစ်ဒဏ်ကျခံနေကသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရမည့်နေရာ ပြောင်းရွှေ့သတ်မှတ်လိုက်ခြင်းအပေါ် ခိုင်လုံသည့် အထောက်အထားမျိုး ယခုထိ မတွေ့ရှိရသေးကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောဆို BBC နဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့သည်။
ကဆုန်လပြည်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသဖြင့်လည်းကောင်း၊ နိုင်ငံတော်မှ မေတ္တာစေတနာထားသောအားဖြင့် လည်းကောင်း နေပြည်တော်အကျည်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁ ပုဒ်မခွဲ (၁) အရ ၎င်း ကျခံရန်ကျန်ရှိနေသည့်ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း စစ်ကော်မရှင်ပိုင် မီဒီယာများတွင် ဖော်ပြကြသည်။
ယခုကဲ့သို့ ပြစ်ဒဏ်ကျခံရမည့်နေရာ ပြောင်းရွှေ့သတ်မှတ်လိုက်ခြင်းအပေါ် သားဖြစ်သူ ကင်မ် က “မေမေ့ကို ပြောင်းရွှေ့ထားလိုက်ပြီဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားမျိုးတော့ အခုထိမတွေ့ရသေးပါဘူး၊ ဆိုတော့ ကျွန်တော့်ကို မေမေနဲ့ စကားပြောခွင့်မပေးမချင်း ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ရဲ့အခြေအနေနဲ့ သူဘယ်မှာရှိလဲဆိုတာကို လွတ်လွတ်လပ်လပ်အတည်ပြုမပေးနိုင်မချင်း ကျွန်တော် ဘာကိုမှ မယုံနိုင်ပါဘူး။ စစ်တပ်က သူတို့ရည်ရွယ်ချက်တွေအတွက် သတင်းအမှားတွေ အမြဲတမ်း ဖြန့်နေကျပဲဆိုတာ ကျွန်တော်တို့အားလုံးသိနေတာပဲ” ဟု ဖြေကြားခဲ့သည်။
စစ်ကော်မရှင်၏ ယခုထုတ်ပြန်မှုမှာ ပြစ်ဒဏ်ကျခံပြီး ၅ နှစ်ကျော်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက် ဓာတ်ပုံတစ်ပုံဖြင့် ထုတ်ပြန်လာခြင်းဖြစ်ပြီး စစ်ကော်မရှင်ဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်၍ ”ကျန်မာရေးကောင်းတယ်” ဆိုသည့် ပြောဆိုချက်ကိုသာ ထပ်ခါတလဲလဲ ထုတ်ပြန်နေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ချက်များ၊ ထောင်တွင်းအခြေအနေ မသေချာမှုများကြောင့် သားဖြစ်သူ ကင်မ် ဦးဆောင်ကာ ”Proof of life ” လှုပ်ရှားမှုကို လုပ်ဆောင်နေသည်။
ကင်မ်က “Proof of life” လှုပ်ရှားမှုနှင့် ဆက်လက်ပြီး ”ဒါပေမယ့် တကယ်တမ်းမေမေဟာ ထောင်ထဲကို ဘယ်တုန်းကမှ ရောက်ခဲ့သင့်တာ မဟုတ်ပါဘူး၊ (ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ တောင်းဆိုလှုပ်ရှားမှုကို ) ကျွန်တော် ဆက်လုပ်သွားမှာပါ” ဟုလည်း ဆိုထားသည်။