
AB News – ဇန်နဝါရီ ၂၇၊ ၂၀၂၆
မြန်မာစစ်တပ်သည် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို နည်းလမ်းမျိုးစုံဖြင့် ကျော်လွှားကာ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အီရန်နှင့် ဆက်စပ်သည့် လေယာဉ်ဆီများကို လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ဝယ်ယူနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (Amnesty International) မှ ထုတ်ဖော်ပြောဆိုလိုက်သည်။
အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်သည် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့သော နှစ်ဖြစ်ပြီး လေယာဉ်လောင်စာဆီတင်သွင်းမှုမှာလည်း ၂၀၂၄ ခုနှစ်ထက် ပိုများကြောင်း ပြောဆိုထားသည်။
မြန်မာစစ်တပ်သည် ရုရှား၊ အီရန်နှင့် မြောက်ကိုးရီးယားနိုင်ငံများကဲ့သို့ ပိတ်ဆို့မှုများကို ရှောင်လွှဲရန် အလိုအလျှောက် တည်နေရာပြစနစ် AIS ရေဒါစနစ်ကို ပိတ်ပြီး လေယာဉ်လောင်စာဆီများကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းမှ ၂၀၂၅ ခုနှစ်အတွင်း ရေဒါဖျောက်ထားသော သင်္ဘော ၄ စင်းဖြင့် မြန်မာနိုင်ငံကို အနည်းဆုံး ၉ ကြိမ်ခန့် တင်ပို့ခဲ့ကြောင်းလည်း ပြောဆိုထားသည်။
အဆိုပါ သင်္ဘောများအနက် ၂ စင်းမှာ အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းဝင်သင်္ဘောများဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီနှင့် အခြားကုန်စည်စီးဆင်းမှုများကို အခြေခံသည့် ကုန်စည်ထောက်လှမ်းရေးပလက်ဖောင်း Kpler ၏ အချက်အလက်များအရ အဆိုပါလောင်စာဆီများမှာ အီရန်နှင့် ဆက်စပ်မှုရှိနေကြောင်း သိရသည်။