AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
ဂျူလိုင်
အီရန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နာဂက်စ် မိုဟာမာဒီ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရကြောင်း သူမ၏ ရှေ့နေမှ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် AFP သို့ ပြောကြားခဲ့သည်။
သူမ၏ ရှေ့နေ မိုစတာဖာ နီလီက “သူမဟာ ရာဇဝတ်မှုကျူးလွန်ဖို့ စုဝေးမှုနဲ့ ပူးပေါင်းကြံစည်မှုတို့အတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံခဲ့ရပါတယ်” ဟု ပြောကြားလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မိုဟာမာဒီ၏ ကျန်းမာရေးပြဿနာများကြောင့် သူမအား ဆေးကုသမှုခံယူရန် အာမခံဖြင့် ယာယီလွှတ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သူမ၏ရှေနေ့က ပြောသည်။
မိုဟာမာဒီသည် ဝါဒဖြန့်ချိရေးလှုပ်ရှားမှုများအတွက် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံရပြီး နိုင်ငံမှ ထွက်ခွာခွင့်ကိုလည်း ၂ နှစ် အထိ ပိတ်ပင်ခံထားရကြောင်း သူမ၏ ရှေ့နေက ဆိုသည်။
အလားတူ အရှေ့ပိုင်းပြည်နယ်၊ တောင်ခိုရာဆန်ရှိ ကော့ဖ်မြို့သို့ ၂ နှစ် ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားထားသည်။
အဆိုပါ အသက် ၅၃ နှစ်အရွယ်ရှိ မိုဟာမာဒီ သည် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်ရေးဌာန (Defender of Human Rights Center) တွင် ဒု-အမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းခဲ့သူလည်းဖြစ်သည့်အပြင် စာရေးဆရာ၊ သတင်းထောက်တစ်ဦးလည်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်။
ထို့ပြင် မိုဟာမာဒီသည် အဖွဲ့တွင် တာဝန်ထမ်းဆောင်နေချိန်တွင်လည်း လူ့အခွင့်အရေးဆိုင်ရာမူဝါဒနှင့် အရေးယူမှုများအတွက် အစဥ်မပြတ် လှုပ်ရှားခဲ့ကြောင်း သိရသည်။
မိုဟာမာဒီသည် အဓိကအားဖြင့် အီရန်တွင် သေဒဏ်ကို ဆန့်ကျင်သော လှုပ်ရှားမှုများကြောင့် ၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပြီး ထိုအချိန်တွင် သူမ ထောင်ထဲ၌ ရှိနေသောကြောင့် သူမ၏ သားနှင့် သမီးက မိခင်ကိုယ်စား ဆုကို လက်ခံရယူခဲ့ကြသည်။

