သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံ၊ ကုသိနာရုံမြန်မာကျောင်း၊ ကျောင်းထိုင်ဆရာတော် ဒေါက်တာဉာဏိဿရ အဆုတ်ရောဂါဖြင့်ပျံလွန်တော်မူ

AB News အောက်တိုဘာ ၃၁၊ ၂၀၂၅
ဖြိုးဇော်

အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံခရိုင်၊ ကုသိနာရုံမြို့၊ ဗုဒ္ဓနဂရီရပ်ကွက်၊ မြန်မာကျောင်းတိုက်၌သီတင်းသုံး သာသနာပြုတော်မူလျှက်ရှိသော ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော်ဘုရားကြီးသည် ယ‌နေ့ အောက်တိုဘာလ ၃၁ရက် နံနက် ၄နာရီ ၅၀မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ ယူပီပြည်နယ် Lucknowမြို့ Medanta ဆေးရုံတွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းသိရသည်။

ဆရာတော်ကြီးသည် အောက်တိုဘာလ ၁ဝရက်နေ့တွင် Medanta ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး၊ ယမန်နေ့ အောက်တိုဘာလ ၃၁ရက်နေ့တွင် အဆုတ်ရောဂါဖြင့်ပျံလွန်တော်မူကြောင်းသိရသည်။

ဆရာတော်ကြီးသည် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဇီးပင်ကြီးကျေးရွာဇာတိဖြစ်ပြီး၊ ခမည်းတော် ဦးမောင်ကျော်သူ နှင့် မယ်တော် ဒေါ်ဝင်းမြဦးတို့က ၁၉၃၆ ၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး သက်တော် ၉၀ ၊ ဝါတော် ၆၄ တွင်ပျံလွန်တော်မူခြင်းဖြစ်သည်။

ဆရာတော်ဘုရားကြီးသည်၊ အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသည်မှာ နှစ်ပေါင်း ၆၀ခန့်ရှိပြီဖြစ်ကြောင်း၊ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွား‌ရေးအတွက် စွမ်းစွမ်းတမံဆောက်ရွက်မှုကြောင့် အိန္ဒိယနိုင်ငံအစိုးရနှင့် ယခင်က NLDအစိုးရတို့၏ ဒေါက်တာဘွဲ့နှင့် အခြားဘွဲ့အများအပြားကို ဆက်ကပ်ပူဇော်ခံထားရသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ကိုလည်းသိရသည်။

ဆရာ‌တော်သည် ယခင်ကုသိနာရုံဆရာတော်ကြီးဘဒ္ဒန္တစန္ဒြမဏိ၏ အရိုက်အရာကို ခံယူရန်အတွက် အိန္ဒိယတိုင်းရင်းဆေးပညာ အာယုဗေဒ ပညာရပ်များကိုလည်း သင်ယူလေ့လာခဲ့ပြီး ယူပီပြည်နယ် အစိုးရမှ ကျင်းပသော B.A.M.S ခေါ် အာယုဗေဒဆေးပညာ တိုင်းရင်းဆရာဝန် ဒေါက်တာဘွဲ့ကိုလည်းရယူခဲ့သည့်အပြင် ဒေလီမူဆလင် ယူနီဘာစီတီမှ ပညာရေး ဒေါက်တာ ဒီဂရီဘွဲ့ကိုလည်း ရရှိခဲ့သည်။

ဆရာတော်ကြီးသည် ဆရာတော်ဦးကိတ္တိမနှင့်အတူ ၁၉၇၀ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့တွင် ကုသိနာရုံဆရာတော်ဘဒ္ဒန္တ စန္ဒြမဏိထံမှ ဒွိသန္တက ကုသိနာရုံမြန်မာကျောင်းကို လွှဲပြောင်းခြင်း ခံခဲ့ရပြီးအဆိုပါကျောင်းကို ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။

ဆရာတော်ကြီးသည်ဘာသာရေးနှင့်ဆိုင်သော ကျမ်း(၅) ကျမ်းပြုစုခဲ့ပြီး ကိုရီးယားနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှ ဘွဲ့ပေါင်း (၂ဝ)ကျော်ရရှိခဲ့‌ကာ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်တစ်ပါးဖြစ်ပြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ စ‌သော ဘွဲ့တော်များကိုလည်းရရှိထားသူ ဖြစ်‌ေကြာင်းသိရသည်။

အနယ်နယ် အရပ်ရပ်တွင်ရှိကြသောဆရာတော်‌ကြီး၏ တပည့်၊ တကာ/မများကလည်း ဆရာတော်ကြီးပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ဝမ်းနည်းကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြထားကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ