AB News – နိုဝင်ဘာ ၁၁၊ ၂၀၂၅
ဆိုဖီ
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ရှိ အထင်ကရ နေရာဖြစ်သော Red Fort နန်းတော်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ပြည်သူ ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၄ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
ယမန့်နေ့ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီ ၅၂ မိနစ် အချိန်ခန့်တွင် နယူးဒေလီမြို့ရှိ ခရီးသွား ဆွဲဆောင်မှုတစ်ခုဖြစ်သော Red Fort အမှတ် ၁ ဂိတ် အပြင်ဘက်၌ မီးနီတွင် ရပ်ထားသည့် ကားတစ်စီးမှ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
အခင်းဖြစ်ပြီးနောက် Black Cat ကွန်မန်ဒိုအဖွဲ့နှင့် အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA) ဝန်ထမ်းများ ချက်ချင်း သွားရောက်စစ်ဆေးခဲ့သည့်အပြင်၊ အရေးပေါ်လူနာတင်ယာဉ်များဖြင့် သွားရောက်ကယ်ဆယ်ခဲ့ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်း ဟာယာနာပြည်နယ်၊ ဖာရီဒါဘတ်တွင် ပေါက်ကွဲစေတတ်သောပစ္စည်း ၂၉၀၀ ကီလိုဂရမ်အား ဂျမူးနှင့် ကက်ရှ်မီးယားရဲတပ်ဖွဲ့မှ သိမ်းဆည်းရခဲ့ပြီးနောက်မှ ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီး Amit Shah သည် ဝန်ကြီးချုပ် Narendra Modi ကို ချက်ချင်း ဖုန်းဆက်ပြီး အခြေအနေကို ဆွေးနွေးခဲ့ကြသော်လည်း တိုက်ခိုက်မှုနောက်ကွယ်ရှိ အဖွဲ့အပေါ် အတည်ပြုချက်မရှိသေးသောကြောင့် Jaish-e-Mohammed အဖွဲ့ ပါဝင်ပတ်သက်နိုင်သည်ဟု ယူဆထားကြောင်း သိရသည်။
လက်ရှိတွင် အာဏာပိုင်များက နယ်စပ်လုံခြုံရေးကိုတင်းကျပ်စွာပြုလုပ်ထားပြီး သတိပေးချက်များ ထုတ်ပြန်ထားကာ နယ်မြေတစ်လျှောက် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်နေကြောင်း သိရသည်။

