ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကျင်းပခဲ့သည့် အဆင့်မြင့်အစိုးရအရာရှိတစ်ဦး တက်ရောက်ခဲ့သော ပြည်နယ်အစိုးရ၏ ပြည်သူ့လူမှုထူးချွန် ဆုပေးပွဲအခမ်းအနားကို တက်ရောက်ပြီးနောက် အိန္ဒိယ အနောက်ပိုင်း မဟာရာရှထရာ ပြည်နယ်တွင် အပူလျှပ်ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၁၃ ဦး သေဆုံးခဲ့သည် ဟု ရဲအရာရှိများမှ အတည်ပြုပြောကြားခဲ့သည်။
အခမ်းအနားကျင်းပခဲ့သည့် မြို့ဖြစ်သော နာဗီ မွန်ဘိုင်း တွင် လူပေါင်း ၅၀ မှ ၆၀ ကြား ဆေးရုံတင်ခဲ့ရသည် ဟု သတင်းမီဒီယာများကို ဖြေဆိုခွင့်မရှိသောကြောင့် အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးပြောကြားချက်အရ သိရသည်။
အခမ်းအနားကျင်းပစဥ်အတွင်း အလွန်ပူပြင်းသည့် အပူဒဏ်ကြောင့် ထိခိုက်သူဦးရေ စုစုပေါင်းအရေအတွက်မှာ ပိုများများပြားနိုင်သည် ဟု ယူဆရပြီး လူအများအပြားမှာလည်း ကျန်းမားရေး စောင့်ရှောက်မှု ခံယူရန် ကြိုးစားနေကြသည်။
နှစ်စဥ်နှစ်တိုင်း မဟာရာရှထရာ ပြည်နယ်တွင် အစိုးရမှ ထူးချွန်သည့် နိုင်ငံသူနိုင်ငံသားများကို ချီးမြင့်သည့် ပြည်သူ့လူမှုထူးချွန်ဆု (a civilian award) ပေးပွဲ အခမ်းအနားကို လူပေါင်း ၁ သန်းကျော် တက်ရောက်ခဲ့ကြသည်ဟု ထို ရဲအရာရှိမှဆိုသည်။
မဟာရာရှထရာပြည်နယ်၏ ဝန်ကြီး Eknath Shinde အစိုးရအဖွဲ့မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထိခိုက်နစ်နာသူမိသားစုများကို နစ်နာကြေးအနေဖြင့် ရူပီး ၅၀၀,၀၀၀ (6095 ဒေါ်လာခန့်) ပေးအပ်သွားမည် ဖြစ်ပြီး ဆေးဝါးကုသမှု ခံယူနေကြသူများကိုလည်း ဆေးဖိုးဝါးခများ ပေးအပ်သွားမည် ဟု ဆိုသည်။
ထုတ်ပြန်ချက်တွင် ဝန်ကြီး Shinde က အခမ်းအနားတွင် သေဆုံးခဲ့သည့် ဖြစ်ရပ်မှာ အလွန်ပင် စိတ်မကောင်းစရာ ၊ ကံဆိုးဖွယ် ဖြစ်ရပ်ဟု ဖော်ပြခဲ့သည်။
အခမ်းအနားကျင်းပစဥ်အတွင်း အထူးဧည့်သည်တော် ပြည်ထဲရေး ဝန်ကြီး Armit Shah က အပူချိန် ၄၂ စင်တီဂရိတ်( ၁၀၇ ဖာရင်ဟိုက်) ကို အံတုကာ ဤအခမ်းအနားကို တက်ရောက်လာကြသူများ၏ သတ္တိမှ လေးစားဖွယ်ရာပင် ဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနမှ တနင်္လာနေ့တွင် မဟာရာရှထရာ ပြည်နယ်တွင် အပူလှိုင်းနှင့် ပတ်သက်ကာ သတိပေးထုတ်ပြန်ခြင်း မပြုခဲ့သော်လည်း ဤရက်သတ္တပတ်အတွင်း မဟာရာရှထရာ ပြည်နယ်၏ အပူချိန်မှာ ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းရသည်ဟု ဆိုထားသည်။
အိန္ဒိယနိုင်ငံတွင် ပုံမှန်အားဖြင့် အပူလှိုင်း ဖြတ်ခြင်း ဖြစ်ပွားချိန်မှာ မတ်လ နှင့် ဇူလိုင်လ တို့တွင်ဖြစ်သည်။ သို့ရာတွင် မကြာသေးမီနှစ်များအတွင်းအတွင်း အပူချိန်လွန်ကဲမှုမှာ ပိုမို ပြင်းထန်ပြီး မကြာမကြာ ဖြစ်လာကာ ဖြစ်ချိန်မှာလည်း ပိုမိုတာရှည်လာခဲ့သည်။
ပြီးခဲ့သည့် နှစ်အတွင်း အိန္ဒိယနိုင်ငံသည် အလွန်ပြင်းထန်သော အပူဒဏ်ကို ခံစားခဲ့ရပြီး တချို့ဒေသများတွင် အပူချိန် ၄၉ စင်တီဂရိတ် (၁၂၀ ဖာရင်ဟိုက်) ကျော်ထိ မြင့်တက်ခဲ့သည်။ ဇူလိုင် လ မတိုင်မီ အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကြောင့် သေဆုံးမှုမှာ ၂၄ ဦးအထိ ရှိလာသည်ဟု အိန္ဒိယ သိပ္ပံနှင့် နည်းပညာ၊ ကမ္ဘာ့သိပ္ပံရေးရာ ဝန်ကြီး Jitendra Singh ၏ အချက်အလက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနမှ အစီရင်ခံခဲ့သည်။
CNN သတင်းမှ 13 people die of heatstroke in India after attending government award ceremony ကို ကျော်ဇံ ဘာသာပြန်သည်။
