
AB News ဇွန် ၁ ၊၂၀၂၅
နွယ်စိုး
တရုတ်ကွန်မြူနစ်ပါတီများအနေဖြင့် အမေရိကန်တက္ကသိုလ်များထံမှ အမြတ်ထုတ်ခြင်း၊ အမေရိကန်၏ သုတေသနနှင့် ဉာဏပစ္စည်းများ ခိုးယူခြင်းများကို အမေရိကန်အစိုးရက သည်းခံမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ် က မေ ၂၉ ရက်နေ့မှာ ပြောကြားခဲ့သည်ဟု Ruters သတင်းဌာနတွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေးဌာနသည် အမေရိကန်များ၏ လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်ရန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးရွားသော သြဇာလွှမ်းမိုးမှု လုပ်ရပ်များ ကိုတန်ပြန်ရန် ဆုံးဖြတ်ထားသည်ဟု နိုင်ငံခြားရေးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တမ်မီဘရုစ် က ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်မှုရှိသူများ သို့မဟုတ် အရေးကြီးသော ပညာရပ်နယ်ပယ်များတွင် ပညာသင်ယူနေသူများ အပါအဝင် တရုတ်ကျောင်းသားများ၏ ဗီဇာများကို ပြင်းထန်စွာ ရုပ်သိမ်းရန် လုပ်ဆောင်မည်ဟု ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုအနေဖြင့် ၄င်း ကြေညာခဲ့သော ဗီဇာတင်းကျပ်မှု မူဝါဒအသစ်သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် အဆက်အစပ်ရှိသူများအပါအဝင် အရေးကြီး ဘာသာရပ်နယ်ပယ်များမှာ ပညာသင်ကြားနေကြသော ကျောင်းသားများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုထားသည်။
အမေရိကန် အစိုးရ ဒေါ်နယ်ထရမ့်ပ်သည် ကျောင်းသားများနှင့် ဧည့်သည်ဗီဇာအတွက် အင်တာဗျူးချိန်းဆိုမှုအသစ်များ ရပ်တန့်ရန် ကမ္ဘာတဝန်းတွင် ရှိသော အမေရိကန်သံရုံးများ ကို အမိန့်ပေးခဲ့ပြီးနောက်မှာ တရုတ်ကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူများနှင့် ပတ်သတ်သော ကြေညာချက်များ ထွက်ပေါ်လာခဲ့သည်။
အမေရိကန်တက္ကသိုလ်များထံကနေ တရုပ်ကွန်မြူနစ်ပါတီ CCP ၏ အမြတ်ထုတ်ခြင်း နှင့် စစ်ရေးစွမ်းအားကြီးထွားလာရန် အမေရိကန် သုတေသနဉာဏပစ္စည်း နည်းပညာများ ခိုးယူခြင်းများအပါအဝင် ထောက်လှမ်းရေးများ စုဆောင်းခြင့်တို့ကို လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ သည်းခံတော့မည်မဟုတ်ကြောင်း တမ်မီဘရုစ် မှ ဆိုထားသည်။
တရုတ်နိုင်ငံမှ ကျောင်းသားများသည် အမေရိကန်ရှိ နိုင်ငံတကာ ကျောင်းသားများတွင် ဒုတိယအများဆုံးဖြစ်ပြီး အမေရိကန် တက္ကသိုလ် အများအပြားသည်လည်း ၄င်းတို့၏ နှစ်စဉ်ဝင်ငွေ အများစုကို တရုတ်နှင့် အခြားနိုင်ငံတကာ ကျောင်းသားများက ပေးဆောင်သည့် ကျောင်းလခ အပေါ် များစွာမှီခိုနေရသည်။