
ABN-မေအိအိအောင်
မလေးရှားနိုင်ငံ၌ တနင်္လာနေ့က အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မလေးရှားနိုင်ငံရှိ ပြည်နယ် ၃ ခုတွင် ရေကြီးမှုများဖြစ်ပွားနေပြီး ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးကာ လူပေါင်း ၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း CNA သတင်းဌာနတွင် ဖော်ပြသည်။
မလေးရှားနိုင်ငံ၏ ရေကြီးမှုဖြစ်ပွားနေသည့် ပြည်နယ် ၃ ခုအနက်မှ Johor ပြည်နယ်မှာ အဆိုးဆုံး ရေးကြီးမှုဒဏ်ကိုခံစားနေရပြီး ထိုနေရာမှ လူပေါင်း ၃၁၈၆၅ ကျော်ကို Johor ပြည်နယ်မှ ရေဘေးကယ်ဆယ်ရေးစခန်း ၂၀၉ ခုသို့ ပြောင်းရွှေ့ထားကြောင်း အမျိုးသား သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောချက်အရသိရသည်။
မလေးရှားနိုင်ငံတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေးဘေးဒဏ်ခံစားနေရသည့် ပြည်နယ်များမှာ Jogor Pahang နှင့် Negeri Sembilanl တို့ဖြစ်ကြပြီး အဆိုပါပြည်နယ် ၃ ခုတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၄၄ ကို ယနေ့ မတ်လ ၃ ရက်နေ့တွင် ဖွင့်ထားပြီး ရေဘေးဒုက္ခသည် ၃၀၀၀ ခန့်ကိုနေရာချထားကြောင်း သတင်းတွင်ဖော်ပြသည်။
လာမည့်ရက်များအထိ မိုးဆက်လက်ရွာနိုင်ကြောင်းနှင့် ထိုကဲ့သို့ အဆက်မပြတ်မိုးရွာသွန်းခြင်းကို အန္တရာယ်ရှိသည့်အဆင့်ဟု မိုးလေ၀ါသ အေဂျင်စီက ခန့်မှန်းထားသည့်အပြင် မိုးရွာသွန်းသည့် အဆင့် (၃) နှင့် အမြင့်ဆုံးအထိဖြစ်နိုင်ကြောင်းသတ်မှတ်ထားသည်။
ဂျိုဟိုးပြည်နယ် အတွင်းရေးမှူး အက်ဇ်မီ ရိုဟာနီက လက်ရှိရေကြီးမှုသည် ပြီးခဲ့သည့် နှစ်များအတွင်း အဆိုး၀ါးဆုံးရေကြီးရေလျှံမှုများထဲမှ တစ်ခုအပါအ၀င်ဖြစ်ကြောင်းနှင့် ဆက်လက်မိုးရွာသွန်းခြင်းများ ဒီရေမြင့်တက်မှုများ ဆက်လက်ဖြစ်နိုင်ကြောင်း ပြောသည်။
ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းသော အရှေ့မြောက် မုတ်သုံလေကြောင့် မလေးရှားနိုင်ငံတွင် ရေကြီးရေလျှံမှုများ နှစ်စဥ်ဖြစ်ပေါ်လျက်ရှိသည်။



