သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီက TNLA ထိန်းချုပ် နယ်မြေများကို ဆက်တိုက်ဗုံးကြဲနေ
ဓာတ်ပုံ-TNLA

AB News- ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့ ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးပြီးနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နယ်မြေအချို့ကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် အရပ်သားပြည်သူများမှာ ထိခိုက်သေဆုံးမှု များပြားလာနေသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်၊ ရွှေမုဠောကျေးရွာကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ညသန်းခေါင်ယံ ၁၂နာရီ ၁၅မိနစ်မှ နံနက်ပိုင်း ၁ နာရီခွဲအချိန် အထိ Y-12 လေယာဉ်ဖြင့် ဗုံး ၅ လုံး၊ တောင်ရှည်ကျေးရွာကို ဗုံး ၂၇လုံး ကြဲချခဲ့၍ ဒေသခံ ၁ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ဒရုန်းဖြင့် ဗုံး ၄ လုံး ကြဲချခဲ့ရာ ဘုန်းကြီးကျောင်းဆောင်အများအပြား ပျက်စီးသွားခဲ့သည် ဟု သိရသည်။

ထို့အတူ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့၍ ဒေသခံ ၁ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ၄ဦး ဒဏ်ရာခဲ့ပြီး ယင်းနေ့တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကိုလည်း လေကြောင်းဖြင့် ဗုံးကြဲခဲ့၍ ကလေးငယ်အပါအဝင် ဒေသခံ ၃ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူ ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့ အတွင်း အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် အမျိုးသား ၂ဦး နှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် TNLA တို့ ၂ရက်အကြာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ဘဲ ပြီးဆုံးခဲ့သည့်နောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ ဗုံးကြဲတိုက်ခိုက်နေသည့် အတွက်ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိနေရန်လိုအပ်ပြီး လေကြောင်းကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ