
AB News – ဧပြီ ၂၈၊ ၂၀၂၆
ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်(SF/SAF) ထူထောင်ခြင်း (၅) နှစ်မြောက် တပ်တော်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် မှန်ကန်သည့် နည်းနာကိုသုံးပြီး ရေကုန်ရေခမ်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SF/ SAF ၏ စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာ က ဆိုသည်။
ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်(SF/SAF) သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ကျောင်းသားများနှင့် စတင်ထူထောင်ခဲ့သော တော်လှန်ရေးတပ် ဖြစ်သည်။
အဆိုပါ (၅) နှစ်မြောက် တပ်တော်နေ့အထိမ်းအမှတ် စစ်ဦးစီးချုပ်မိန့်ခွန်းတွင် “ဒီကနေ့ဆိုရင် လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကို ဖြတ်သန်းလာခဲ့တာ ၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီ ၅ နှစ်ဆိုတဲ့ ကာလမှာ ငါတို့ဟာ အခက်အခဲ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ခဲ့ကာ တော်လှန်ရေးလောကဓံကို အသီးသီး ကျော်ဖြတ်ပြီး လူထုလွတ်မြောက်ရေးအလံကို လွင့်ထူဖို့ အသက်၊ ခန္ဓာ၊ ဘဝ တွေကို ပေးဆပ် စွန့်လွှတ်ကြိုးစားနေခဲ့ကြတာဖြစ်တယ်” ဟု ဖော်ပြထားသည်။
ဒုတိယအနေဖြင့် လူထူလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်အတွက် လက်ရှိအချိန်ထိ ပေးဆပ်ထားကြသော ရဲဘော်ရဲဘက်များကိုလည်း လေးစားအသိအမှတ်ပြုကြောင်း ဆိုထားသည်။
ထို့ပြင် စစ်ကော်မရှင်သည် ၎င်း၏ စစ်ရေးအားနည်းချက်များဖြစ်သော လူအင်အားပြဿနာများနှင့် နည်းပညာပြဿနာများကို ပြည်သူလူထုအား ပေါ်တာဆွဲပြီး တစ်တိုင်းပြည်လုံးကို စစ်ထဲမောင်းသွင်းခြင်း၊ အတင်းအကြပ် ဆက်ကြေးကောက်ခံပြီး ရလာသည့် အခွန်ငွေများဖြင့် စစ်နည်းပညာကဏ္ဍတွင် မြှင့်တင်မှုများကို ပြုလုပ်ပြီး ဖြေရှင်းနေကြောင်း ဖော်ပြထားသည်။
လက်ရှိမှာ ပြည်သူလူထုအနေဖြင့် စစ်ကော်မရှင်၏ ပေါ်တာဆွဲခြင်း၊ စစ်အသုံးစရိတ်ကြောင့် ဖြစ်လာသည့် စီးပွားရေးအကြပ်အတည်းကြောင့် စားဝတ်နေရေးမပြေလည်မှုများကိုပါ ရင်ဆိုင်နေကြရကြောင်း ဆိုထားသည်။
ထို့အတူ စစ်ကော်မရှင်သည် နိုင်ငံရေးစစ်မျက်နှာတွင်လည်း အတုယောင်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့သော်လည်း ပြည်သူလူထုမှာ စစ်ကော်မရှင်၏ ဖိနှိပ်ရေးအသွင်သဏ္ဍာန်ကို နားလည်ထားပြီးဖြစ်သောကြောင့် စစ်ကော်မရှင်၏ ရည်ရွယ်ချက်မှာ မအောင်မြင်ခဲ့ကြောင်း ရေးသားထုတ်ပြန်ခဲ့သည်။
ယင်းအပြင် တော်လှန်ရေးသည် နိုင်ငံရေး၊ စစ်ရေးအရ စနစ်တကျတည်ဆောက်ပြီး ဆောင်ရွက်ရမည့် ရေရှည်ခရီးဖြစ်ပြီး လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်မည်ဟု ရည်ရွယ်ချက်ကို ကိုင်ဆွဲကာ ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။