သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိုချင်သည့် အဖြေကို ကလစ်တစ်ချက် နှိပ်ရုံသာ (အတွေးအမြင် ဆောင်းပါး)

လိုချင်သည့် အဖြေကို ကလစ်တစ်ချက် နှိပ်ရုံသာ (အတွေးအမြင် ဆောင်းပါး)

ကျွန်တော် အသက် ၁၂ အရွယ်ခန့်တွင် အတန်းထဲ၌ အသေးအဖွဲ့အပြစ်တချို့ကို လုပ်ခဲ့ဖူးသည်၊ ထို့ကြောင့် ဆရာက အပြစ်ဒဏ်ပေးသည့် အနေဖြင့် ဘေ့စ်ဘော အကြောင်းနှင့်ပတ်သက်သည့် စကားလုံးတစ်ထောင်ပါသော စာစီစာကုံးရေးခိုင်းပြီး နောက်တနေ့ မနက်တွင် ယူလာခိုင်းသည်။ သည်အခြင်းအရာမျိုးသည် အင်္ဂလိပ်လူမျိုးများ ကြိုက်နှစ်သက်ကြသည့် ထူးဆန်းသည့် အလေ့အထမျိုးဆိုသည်ထက် ဘေ့စ်ဘောအကြောင်း နကန်းတစ်လုံးမျှမသိသော အင်္ဂလိပ်ကလေး တစ်ယောက်ဖြစ်သည့် ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်မျိုးပင်ဖြစ်သည်။

သေချာသည်က ထိုခေတ်၊ထိုကာလက အင်တာနက်မရှိသဖြင့် ကျွန်တော်အလုပ်များ၊ ပျာယာခတ်ခဲ့ရသည်။ ကျွန်တော့်မှာ စကားလုံးတစ်ထောင်ကိုရေးနိုင်ဖို့ နေနေသာသာ စကားလုံး ၁၀ ကိုတောင် မရေးနိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အမေက ဘေ့စ်ဘော အားကစားနှင့်ဆိုင်သော အခြေခံအချက်အလက်များပါသည့် ရှေးဟောင်းစွယ်စုံကျမ်းကို ရှာပေးပြီး ကယ်တင်ခဲ့သောကြောင့်သာ ချမ်းသာရာရခဲ့သည်။ ကျွန်တော့်မှာ ထိုစာအုပ်တွင်ပါသည့် အကြောင်းအရာကို နားမလည်သော်လည်း ဝါကျများကို ဟိုကတပိုင်း၊ ဒီကတပိုင်း ကူးပြီး ပေါင်းစပ်ကာ လက်ရေးဖြင့် တစ်မျက်နှာ၊ နှစ်မျက်နှာခန့် ကြိုးစားရေးခဲ့ရသည်။

နောက်တနေ့မနက်တွင် ကျွန်တော် ဆရာကို ရေးထားသည့် စာစီစာကုံးကို ပေးလိုက်သည့်အခါ ဆရာက ကြည့်တောင်မကြည့်ခဲ့ပေ။ ထို့ကြောင့်လည်း ကျွန်တော့်စိတ်ထဲ စနိုးစနောင့် ဖြစ်ခဲ့ရသည်။ ကျွန်တော့်ခမျာ Bunts ၊ Curve balls ၊ stolen bases စသော ဂြိုလ်သားဝေါဟာရများကို သိဖို့ နာရီပေါင်းများစွာ စစ်ခင်းခဲ့ရသည် ကို သိနေသော ဆရာက ကျွန်တော်၏ မနေ့ညတစ်ညလုံး ကို လုံးဝဖျက်ဆီးနိုင်လိုက်ပြီဖြစ်သဖြင့် ဝမ်းသာနေသည်မှာ သေချာသည်။

သို့ရာတွင် အင်တာနက်ပေါ်၌ ဉာဏ်ရည်တု (Artificial Intelligence – AI) နှင့်ဆိုင်သည့် နောက်ဆုံးပေါ်တိုးတက်ဖွံ့ဖြိုးမှုများနှင့် ယနေ့ခေတ်သည်ကား ကျွန်တော်တို့ခေတ်နှင့် အကြီးအကျယ်ခြားနားသွားပြီဖြစ်သည်။ AI သည်ကား သာမန်စက်တစ်မျိုးဆိုသည်ထက် လူတစ်ဦးက ရေးပေးသကဲ့သို့ မည်သည့်အကြောင်းအရာမျိုးကိုမဆို မြန်မြန်ဆန်ဆန် တီထွင်ဆန်းသစ်သည့် စိတ်ကူးများနှင့် ဖြေပေးသည်။ သိချင်သည့်အကြောင်းအရာအားလုံးကို သိနိုင်ဖို့ ကွန်ပျူတာပေါ် ကလစ်တချက်နှိပ်ရန်သာလိုတော့သည်။

မကြာသေးမီက မိတ်ဆွေတစ်ဦးသည် AI စာမျက်နှာတွင် ဘန်ကောက် ယာဥ်ထိန်းရဲများနှင့်ပတ်သက်သည့် ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို ရေးခိုင်းသည်အခါ ရုတ်တရက်ပင် အဖြေတစ်ခုပေးသည်။ “သေချာတာပေါ့ ၊ ဘန်ကောက် ယာဥ်ထိန်းရဲတွေရဲ့ ရယ်စရာဖြစ်ရပ်လေးတစ်ခု ဒီမှာပါဗျာ” ဟု ပြောထားသည့် စာတိုလေးတစ်ခုဖြစ်သည်။ ပြီးလျှင် စက္ကန့်အနည်းငယ်အကြာတွင် AI ရေးပေးလာသည့် ပုံပြင်တစ်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

AI ဟာသ

——————

တနေ့တွင် နိုင်ငံခြားခရီးသည်တစ်ဦးသည် ဘန်ကောက်မြို့တွင် ကားမောင်းလျှက် လှည့်လည်သွားလာနေစဥ်အတွင်း သေနတ်ပုံစံ အပူချိန်တိုင်းကိရိယာတစ်ခု ကိုင်ထားသည့် လမ်းတစ်ဖက်တွင် ရပ်နေသည့် ယာဥ်ထိန်းရဲ တစ်ဦးကို မြင်လေသည်။ ထို နိုင်ငံခြားသား ဖြတ်သွားချိန်တွင် ထိုယာဥ်ထိန်းရဲမှာ အပူချိန်တိုင်းကိရိယာကိုကိုင်လျှက် သူ့ခေါင်းကိုတည့်ထားပြီး ဦးနှောက်လှိုင်းများကို တိုင်းနေသယောင်ထင်ရသည်။

ထိုမြင်ကွင်းကြောင့် နားမလည်နိုင်ဖြစ်နေသည့် နိုင်ငံခြားသားသည် ယာဥ်ထိန်းရဲအနီးတွင် ကားကိုရပ်ကာ အဘယ်ကြောင့် မိမိကိုယ်မိမိတိုင်းနေရသလဲ ဟုမေးရာ ထိုယာဥ်ထိန်းရဲမှ “ကျွန်တော်ဒီကိရိယာ ကောင်းမကောင်းသိချင်လို့ တိုင်းနေတာပါ” ဟု မျက်နှာထားတည်တည်နှင့်ပြန်ဖြေသည်။ နိုင်ငံခြားသားကြီးမှာ ယာဥ်ထိန်းရဲ၏ ရယ်စရာကောင်းသည့် အဖြေကိုကြားကာ ဝါးခနဲရယ်လေတော့သည်။

“ဘန်ကောက် ယာဥ်ထိန်းရဲများသည် ဟာသဉာဏ်ရှိပြီး ရယ်စရာပြောတတ်သည်ဟု လူအများသိကြသည်။ ဤ ပုံပြင်မှာ ဘန်ကောက်မြို့တွင် လမ်းစည်းကမ်းဥပဒေကို ကျင့်သုံးရန် ဆောင်ရွက်ရာတွင် သူတို့မကြာမကြာကကိုင်တွယ်ဖြေရှင်းရသည့် ပါးနပ်ပြီး ပျော်ရွှင်အောင်လုပ်သည့် ချဥ်းကပ်မှုများထဲက ဥပမာတစ်ခုသာဖြစ်သည်” AI ၏ တုန့်ပြန်ချက်တွင် ကောက်ချက်ချထားသည်။

အိမ်စာလုပ်ရန် လောကနိဗ္ဗာန်

————————————-

အထက်ပါ အမြင်သည် AI ၏ ဘန်ကောက်ယာဥ်ထိန်းရဲများကို မြင်သောအမြင်ဖြစ်သည်။

အထက်ပါ AI ပြောပြသည့် ပုံပြင်အကြောင်းအရာမှာ ရယ်စရာမကောင်းသော်လည်း AI တွင် ဟာသဉာဏ်ရှိသည် ဆိုသည့်အချက်က အားတက်စရာပင်ဖြစ်သည်။ နောက်ဆုံးဝါကျတွင် AI သည် ထေ့လုံး ငေါ့လုံးများပါသော အမြင်မျိုးကို လက်ခံစရာအဖြစ်တောင် အကြံပြုထားသည်။ အကြောင်းမူကား ကျွန်တော့်အနေဖြင့် မော်တော်ကား၊ ဆိုင်ကယ်မောင်းသူအများစုမှာ AI ပုံပြင်ထဲတွင်ပါသည့်အတိုင်း ဘန်ကောက် ယာဥ်ထိန်းရဲများ၏ ပါးနပ်ပြီး ပျော်ရွင်စေသည့် ချဥ်းကပ်မှုမျိုးကို ကြုံတွေ့ရနိုင်သည်ကို အပြည့်အဝ မယုံကြည်သောကြောင့်ပင်ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အနာဂတ်တွင် တပည့်များက တင်လာသော စာစီစာကုံးများမှာ သူတို့အမှန်အကန် ရေးခဲ့သလား၊ သို့မဟုတ် ကလစ်တချက်ဖြင့် ဖန်တီးလာသလား ဆိုသည်ကို သိရှိရန်ကြိုးစားနေကြသည့် ဆရာ၊ ဆရာမများ ကံကောင်းကြပါစေ ဟုသာ ဆုတောင်းလိုက်ပါသည်။ သို့ရာတွင် အနည်းဆုံးတော့ ကျွန်တော် ငယ်ငယ်ကရေးခဲ့သည့် တွန့်ခေါက်ကြေနေသော ဘေ့စ်ဘော အကြောင်းအရာ စာစီစာကုံးနှင့်ပတ်သက်ပြီး တိုးတက်မှုတော့ ရှိလာလိမ့်မည်ပင် ဖြစ်သည်။

ခိုးချကူးယူခြင်းများကို ရေတွက်ကြည့်ခြင်း

————————————————

ကမ္ဘာတဝှမ်းရှိ ဆရာ၊ဆရာမများသည် စာမေးပွဲအတွင်း ကျောင်းသားများ ခိုးချခြင်းကို တားဆီးရန် ကြိုးပမ်းသည့်အခါ ဖြေရှင်းရမည့် ပြဿနာ တပုံတပင်ရှိနေပြီးပင် ဖြစ်ပါသည်။ ထိုအထဲတွင် ပုံမှန်အားဖြင့် နည်းပညာမြင့် အီလက်ထရောနစ် ကိရိယာများ ပါဝင်သည်။

နည်းပညာအဆင့်မြင့်မဟုတ်သည့် ကိရိယာများသည်ပင် ခိုးချခြင်းကို တားဆီးရန် အသုံးပြုသည့် ဆောင်ရွက်ချက်များ ဖြစ်နေသည်။ ထိုင်းတက္ကသိုလ်တစ်ခုတွင် ကျောင်းသားများ တစ်ယောက်နှင့် တစ်ယောက်မခိုးချစေရန် စာရွက်ဖြင့်ပြုလုပ်ထားသည့် ဦးထုပ်ကို ဆောင်းခိုင်းခဲ့သည်။ ၄င်းပုံစံမှာ မြင်းပြိုင်ပွဲတွင် မြင်းများကို တပ်ဆင်ပေးသည့် မြင်းမျက်နှင့်ပင် တူနေပြီး အလွန်ကိုးရိုးကားရားနိုင်လွန်းသည်။ The Civil Aviation Centre မှ စာစစ်သူများသည် ကျောင်းသား၊ ကျောင်းသူများကို ကတ်ထူပြားနှင့် လုပ်ထားသည့် စက္ကူပုံးများကို ဆောင်းခိုင်းခဲ့ပြီး Monty Python ဇာတ်ကားမှ ဇာတ်ဝင်ခန်းသဖွယ်ပင် ဖြစ်နေသည်။

တခါတုန်းကဆိုလျှင် စာမေးပွဲစစ်နေချိန်အတွင်း ထိုင်နေသည့် တပည့်အများစုမှာ ဆံပင်တုများဝတ်ဆင်ထားသည့် အတွက်ကြောင့် ဆရာများမှာ ဝေခွဲမရဖြစ်ဖူးသည်။ ဆံပင်တုအောက်တွင် နားကြပ်များကို တပ်ဆင်ထားပြီး အပြင်မှ ကြံရာပါများပို့ပေးသော ရေဒီယိုမက်ဆေ့ချ်များကို လက်ခံရယူကာ စာမေးပွဲတွင် ခိုးချနေကြသည်ကို နောက်ဆုံးတွင် ဆရာများတွေ့ရှိသွားခဲ့သည်။

ဟန်မကျချက်များ

———————-

၂၀၁၂ ခုနှစ်တွင် တွေ့ရှိခဲ့ရသည့် စိတ်ဝင်စားစရာကောင်းသည့် ဖြစ်ရပ်များထဲက တစ်ခုမှာ ထိုင်းရဲသင်တန်း ဝင်ခွင့်ဖြေစာမေးပွဲတွင်း တွေ့ရှိခဲ့ရသည့် မသင့်လျော်သည့် အပြုအမူတစ်ခုကို ဖော်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။ အီလက်ထရောနစ် ကိရိယာများကို အသုံးပြုကာ အမှန်ကိုရွေးကာ ဖြေရသည့် ရွေးဖြေမေးခွန်းများအတွက် အဖြေများကို ဖြေဆိုပေးသည့် လူတစ်စုကို ငွေအမြောက်အမြားပေးထားသည်ကို တွေ့ရှိရခြင်းပင် ဖြစ်သည်။

အီလက်ထရောနစ်ပစ္စည်းများကို စာဖြေသူ၏ အတွင်းခံထဲတွင် ဝှက်ထားပြီး စာဖြေသူအများအပြား ပုံမှန်မဟုတ်သည့် နေရာကို ခြစ်ကုတ်ခြင်းများပြုလုပ်ကြသည်ကို သတိထားမိမှ ထိုကိစ္စကို သိရှိလာခြင်းဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ခိုးချသူတစ်ချို့သည် စိုးရိမ်စိတ်ကြောင့် အောင်မှတ်မရအောင် လုပ်ခြင်းများရှိခဲ့သည်။

ဤကဲ့သို့အဖြစ်အပျက်မျိုး နောက်တစ်ကြိမ်မဖြစ်တော့သည်မှာ သေချာသော်လည်း ထိုကဲ့သို့ တရားမဝင်လုပ်ဆောင်ချက်တွင် ပါဝင်သည့် ရဲအရာရှိ တစ်ဦး၊နှစ်ဦးတို့မှာ ဥပဒေရ အရေးယူမှုကို ခံခဲ့ရပြီး နောက်ပိုင်းတွင် အရေးမပါသော ရာထူးများသို့ လျော့ချ ပြောင်းရွေ့ခြင်းခံခဲ့ရသည်။

အတိတ်နေ့ရက်များ

————————-

Crutch တစ်ယောက် ကျောင်းသားဘဝတုန်းက ကျွန်တော်တို့သည် လက်မောင်းများတွင် သမိုင်းနေ့စွဲများကို ရေးမှတ်ကာ ခိုးချသည့် လုပ်နေကျနည်းလမ်းများကို အားကိုးခဲ့ရသည်။ ဤနည်းလမ်းမှာ တွေ့ရှိသွားပါက ကျောကော့အောင် အရိုက်ခံရနိုင်သဖြင့် ခိုးချရန် မတန်ပေ။ သို့ရာတွင် ယနေ့ခေတ်တွင် ဆရာများသည် ရိုက်နှက်ဆုံးမပါက အဖမ်းခံရနိုင်သဖြင့် ထိုကဲ့သို့ ဖြစ်ပျက်တော့မည် မဟုတ်ပေ။

ပြင်သစ်စာမေးပွဲတစ်ခုအတွင်း စာမေးပွဲအခန်းစောင့်တစ်ဦးသည် ခိုးချသည်ဟု သံသယဖြစ်စရာ ကျောင်းသားတစ်ဦးကို ထခိုင်းသည့် ဖြစ်ရပ်ကို သတိရမိသည်။ ကျောင်းသားထလိုက်သည့်အချိန်တွင် သူ့ပေါင်ပေါ်တွင် တင်ထားသည့် သင်ရိုးစာအုပ်အထပ်လိုက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး အသံကျယ်လောင်စွာ ထွက်သွားသဖြင့် တခန်းလုံး ရယ်မောလိုက်ကြသည်။ ရယ်ရသော်ငြားလည်း ကံဆိုးလှသည့် ထိုတပည့်မှာ ဖိနပ်ဖြင့် လေးငါးချက်အတီးခံလိုက်ရလေသည်။

Bangkokpost သတင်းစာပါ Robert Crutchley ၏ When the answer is just a click away ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ