
AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၅
ချန်ဒြာ
ထိုင်း-မြန်မာနယ်စပ် ၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုကျားဖြန့် (ခေါ်) ငွေလိမ်လုပ်ငန်းမှ တရုတ်နိုင်ငံခြားသား ၉၀၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။
ထိုအထဲတွင် တရုတ်နိုင်ငံသားအများစု ပါဝင်ကြောင်း ထိုင်းသတင်းဌာန Reporter ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရရှိသော နိုင်ငံခြားသား ၉၀၀ ကျော်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ၂၀၀ ကျော်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၂၆၄ ဦးနှင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ၃၄၆ ဦးတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါငွေလိမ်လုပ်ငန်းမှ ကွန်ပျူတာ ၃၀၀၀ ခန့်နှင့် မိုဘိုင်းဖုန်း ၂၀၀၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ပြီး ဖုန်းများအာလုံးကို အဆောက်အအုံတစ်ခုအတွင်းရှိ ရုံးခန်းတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ကာ ဖုန်းများကို တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်တင်ထားသည့် သီးခြားအခန်းငယ် တစ်ခုမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
မိုဘိုင်းလ်ဖုန်း ဝယ်ယူသည့် အရင်းအမြစ်များနှင့် ဖမ်းဆီးရရှိသော တရုတ်နိုင်ငံသားများအား စစ်ဆေးရန် လက်ဝယ်ကိုင်ဆောင်ထားကြသည့် တရုတ်နိုင်ငံသားများ၏ မိုဘိုင်းလ်ဖုန်းများကိုလည်း စစ်ဆေးရန် လိုအပ်သည်ဟု The Reporters က မှတ်ချက်ပြုထားသည်။
ရွေကုက္ကိုရှိကျားဖြန့်လုပ်ငန်းကို စစ်ကော်မရှင်တပ်၊ မြန်မာရဲတပ်ဖွဲ့နှင့် BGF တို့ ပူးပေါင်းဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ယင်းမှ ရရှိခဲ့သော ဖုန်းများကို စစ်ကော်မရှင်တပ်က လက်လွှတ်ရယူထားကြောင်း BGF ပြောခွင့်ရသူက ပြောဆိုထားသည်။