သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်စစ်မျက်နှာပြင်အတွင်း စစ်ရေးအရ ဆုတ်ခွာလာသည့် အရာရှိ ၃ ဦး သေဒဏ်နှင့် ထောင်ဒဏ်ချမှတ်ခံရ

AB News – ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆
ချန်ဒြာ

ရက္ခိုင်ပြည် မြောက်ပိုင်းတိုက်ပွဲများအတွင်း စစ်ဆင်ရေးအခြေအနေအရ ဆုတ်ခွာလာသည့် ဒုတိယ ဗိုလ်မှုကြီးများအဆင့် အရာရှိကြီး ၃ ဦးကို စစ်ဆင်ရေးဆုတ်ခွာမှုဖြင့် စစ်ကော်မရှင်တပ်က သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အရာရှိ ၃ ဦးမှာ ဘူးသီးတောင်တိုက်ပွဲများမှ စစ်ရေးအခြေနေအရ ဆုတ်ခွာလာကြသူများဖြစ်ကြပြီး လက်ရှိတွင် ဒကစ(စစ်တွေ) စစ်တရားရုံးတွင် စစ်ဆေးခံနေကြရကြောင်း သိရသည်။

ဘူးသီးတောင်မြို့အခြေစိုက် ခလရ (၂၆၃) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ အား စစ်တပ်အက်ဥပဒေ ပုဒ်မ-၃၂(က) နှင့် ၃၂(ဎ) အရ သေဒဏ်၊ ခမရ(၃၅၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတိုးဝေမြင့်နှင့် စကခ(၁၉) မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ဇင်သန့် တိုကို ပုဒ်မ-၃၂(က) ဖြင့် ထောင်ဒဏ် နှစ် ၂၀၊ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

အရာရှိကြီး ၃ ဦးသည် ၂၀၂၄ ခုနှစ်၊ မေလအတွင်း ဘူးသီးတောင်တိုက်ပွဲများတွင် စကခ(၁၅)မှ ဗိုလ်မှူးချုပ်သူရိန်ထွန်း (လက်ရှိ-စစ်သုံပန်း)နှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒကစ(စစ်တွေ)ကို ဖမ်းဆီးပိုဆောင်ခြင်းခံခဲ့ရသည်။

ထိုအပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လကလည်း အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်တော်တိုက်ပွဲမှ ဆုတ်ခွာခဲ့သည့် ဗျူဟာမှူးအဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၃) ဦး ကိုလည်း သေဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြင်းထန်နေချိန် နောင်ချိုမြိုနယ် သံဘိုရွာ စစ်ဆင်ရေးမှ ဆုတ်ခွာခဲ့သည်ဟုဆိုကာ တပ်မတော်နည်းပညာတက္ကသိုလ် စာပေဌာနမှ ဒုတိယဗိုလ်မှူးကြီး(ကထိက) ၁ ဦးကိုလည်း ပုဒ်မ-၃၂(က)ဖြင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်ဟု ကြားသိရသည်။

စစ်တပ်အက်ဥပဒေ ပုဒ်မ-၃၂(က) သည် စစ်ဆင်ရေးတာဝန်ကျနေရာကနေ ဆုတ်ခွာခြင်း သိုမဟုတ် အခြားတစ်ဦးဦးကို ဆုတ်ခွာရန် ဖိအားပေးခြင်း၊ တိုက်တွန်းခြင်း စသော စွပ်စွဲချက်များ၊ ပုဒ်မ-၃၂(ဎ)သည် အထက်အရာရှိမှ ပေးအပ်သည့် စစ်ဆင်ရေးတာဝန်ကို လိုက်နာရန် ပျက်ကွက်မှုဟူသည့် စွပ်စွဲချက်ပုဒ်မများ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ