
AB News – မတ် ၈၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ လောင်စာဆီများအား တရားမဝင် မှောင်ခိုတင်သွားခြင်းမှ တားဆီးရန် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်သည် ကမ်းရိုးတန်းတစ်လျှေက် လုံခြုံရေးတိုးမြှင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း မီဒီယာများက ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်သည် လောင်စာဆီအပါအဝင် တခြား ကုန်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တရားမဝင် မှောင်ခိုတင်သွင်းမှုမှ ကာကွယ်ရန်အတွက် ကမ်းရိုးတန်းနှင့် နယ်စပ်ဒေသများတွင် ၂၄ နာရီ ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဆိုထားသည်။
ကမ်းခြေစောင့်တပ်၏ အရာရှိ Sabbir Alam Sujan က “ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ လောင်စာဆီအပါအဝင် ကုန်စည်တွေကို တရားမဝင် မှောင်ခိုတင်သွင်းမှုဟာ မြင့်တက်လာတယ်။ ဒါကြောင့် ကျွန်တော်တို့ မှောင်ခိုတင်သွင်းမှုကို ကာကွယ်တားဆီးဖို့ လိုအပ်တယ်။ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေတယ်” ဟု ပြောကြားခဲ့သည်။
နယ်စပ်တစ်လျှောက်ရှိ ကမ်းရိုးတန်းဒေသများနှင့် မြစ်ကြောင်းများတွင် ကင်းလှည့်ခြင်းနှင့် ထောက်လှမ်းစောင့်ကြည့်ခြင်း လုပ်ငန်းများကို အလေးထား၍ လုပ်ဆောင်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် ကမ်းရိုးတန်းဒေသများ၊ ရေလမ်းကြောင်းများနှင့် နယ်စပ်နှင့် ကပ်လျက်ရှိသည့် ဒေသများတွင် နေ့ရောညပါ အဆက်မပြတ် ကင်းလှည့်လျက်ရှိပြီး လောင်စာဆီအပါအဝင် ကုန်စည်များကို တရားမဝင် မှောင်ခိုရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်တွင်းဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ကမ်းခြေစောင့်တပ်သည် မည်သည့် မှောင်ခိုရောင်းဝယ်မှုမျိုးကိုမဆို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း Sabbir Alam Sujan က ပြောကြားခဲ့သည်။
ကမ်းရိုးတန်းဒေသများရှိ အများပြည်သူများအနေဖြင့် ထိုကဲ့သို့သော တရားမဝင်လုပ်ဆောင်မှုများအပေါ် သတိထားရန် တိုက်တွန်းထားသည်။
အရှေ့အလယ်ပိုင်းတွင် စစ်ရေးပဋိပက္ခပြင်းထန်နေမှုကြောင့် မြန်မာနိုင်ငံအတွင်း လောင်စာဆီများ အလုအယက်တိုးဝှေ့ ဝယ်ယူနေကြရ၍ လောင်စာဆီစျေး အဆမတန် မြင့်တက်က ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။