
AB News – ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆
စကြာ
မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံသား မီဇိုယာဉ်မောင်းတစ်ဦး သေဆုံးခဲ့၍ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသည့် အိန္ဒိယ်ဘက်ခြမ်းမှ နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပိတ်ဆို့သွားမည်ဖြစ်ကြောင်း လိုင်လူငယ်အဖွဲ့အစည်း(CYLA) က ဒေသတွင်း သတင်းဌာနဖြစ်သည့် ALL India Radio News Aizwal သို့ ပြောဆိုထားသည်ကို တွေ့ရှိရသည်။
သေဆုံးခဲ့သူမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ အေအိုစီရပ်ကွက်မှ ပူးလားရမ်စန်းငါ ၃၇ နှစ်ဖြစ်ကြောင်း သိရှိရသည်။
ပူးလားရမ်စန်းငါ ၏ ရုပ်အလောင်းအား လောင်တလိုင်မြို့နယ်သို့ သယ်ဆောင်လာခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ရာ ဒဏ်ရာအချို့ကို တွေ့ရှိရကြောင်း ဆိုထားသည်။
သို့သော်လည်း သေဆုံးသူ၏ ဒဏ်ရာများမှာ မတော်တဆမှု (သို့) လူသတ်မှုဖြစ်သည်ကိုကာ မပြောနိုင်သေးကြောင်း CYLA က ဆိုသည်။
သေဆုံးမှုဖြစ်ပွားပြီးနောက် လောင်တလိုင်ခရိုင်မှ လိုင်လူငယ်အဖွဲ့အစည်းနှင့် ရှဟာခရိုင်မှ မရာလူငယ်အဖွဲ့အစည်း(MTP) တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ဆုံပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူနှင့် သူ၏ ညီဖြစ်သူတို့သည် မြန်မာနိုင်ငံ၊ ပလက်ဝမြို့နယ်၊ ချင်းလက်ဝကျေးရွာသို့ ကုန်ပစ္စည်းများ ပို့ဆောင်ရန် ပစ်ကပ်ကား(MZ-07A-2143)ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သွားရောက်ခဲ့ကာ တည်းခိုသည့် နေရာမှ ည ၉ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။