
AB News – ဇန်နဝါရီ ၂၈ ၊ ၂၀၂၆
မြန်မာစစ်အုပ်စုနှင့် ဆက်စပ်သော ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများ၊ ဂရုများနှင့် ပရိုဖိုင် အကောင့်ပေါင်း ၂၇၀ ကို Facebook မှ ဖယ်ရှားခဲ့ကြောင်း Justice For Myanmar(JFM) မှ ယမန်နေ့တွင် ထုတ်ပြန်သည်။
Facebook သည် လူမှုကွန်ရက်၏ မိခင်ကုမ္မဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် မြန်မာစစ်တပ် ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများအား ပိတ်ပင်ထားသည့် မှုဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖယ်ရှားလိုက်သော အကောင့်အများစုသည် Mytel ထုန်ကုန်များနှင့် ဝန်ဆောင်မှုများ အား ရောင်းချနေသည့် အကောင့်များဖြစ်ပြီး ကျန်အကောင့်များသည် စစ်တပ် စီးပွားရေးလုပ်ငန်းစုများဖြစ်သည့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့၏ ကုမ္ပဏီခွဲများ၊ လုပ်ငန်းအမှတ်တံဆိပ်များနှင့် ဆက်စပ်နေသော အကောင့်များဖြစ်ကြောင်း သိရသည်။
၎င်းအပြင် တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီး၊ lndoor Skydivin တို့နှင့်ဆက်စပ်သည့် အကောက်များလည်း ပါဝင်သည်။
အလားတူ Facebookသည်စစ်တပ်၏ ဝါဒဖြန့် အကောင့်များဖြစ်သော A Light for Justice 3၊ News Service Station၊ Myanmar lnformation Community တိုကိုလည်း ဖယ်ရှားခဲ့သည်။
ထို့အပြင် Alphabet (Google)၊ Apple၊ TikTokနှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေး အကောင့်များ ချက်ချင်းပိတ်ပင်ရန်လည်း JFM က တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့တွင်လည်း Facebook သည် Mytel နှင့် ဆက်စပ်သော စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁၀၀၀ ကျော်ကို Facebook မှ ဖယ်ရှားခဲ့သည်။