သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာစစ်တပ်၏ အသက်သွေးကြော လေယာဉ်ဆီထောက်ပံ့မှုကို ဖြတ်တောက်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို JFM တောင်းဆို

AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်စေရန်အတွက် မြန်မာစစ်တပ်၏ အဓိကအသက်သွေးကြောဖြစ်သည့် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို အမြစ်ပြတ်ဖြတ်တောက်ပေးရန် Justice For Myanmar (JFM) က နိုင်ငံတကာအစိုးရများကို အရေးပေါ်တောင်းဆိုလိုက်သည်။

အီးယူ၊ အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် ဩစတေးလျအစိုးရများအနေဖြင့် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည့် သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထား၍ ညှိနှိုင်းပိတ်ဆို့မှုအသစ်များ ချက်ချင်းချမှတ်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အများအပြား လုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူနေရပ်ကွက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကလေးငယ်များအပါအဝင် ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

JFM ၏ ထုတ်ပြန်ချက်အရ မြန်မာစစ်တပ်သည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန်အတွက် အီရန်နိုင်ငံနှင့် ဆက်နွှယ်နေသည့် “မှောင်ခိုသင်္ဘောအုပ်စု” (Ghost ships) များကို အသုံးချကာ လေယာဉ်ဆီများကို တင်သွင်းနေခြင်းဖြစ်သည်။

ထိုသို့တင်သွင်းရာတွင် ဗီယက်နမ်နိုင်ငံရှိ ဆိပ်ကမ်းများကို အသုံးပြု၍ လောင်စာဆီ၏ မူလဇစ်မြစ်ကို ဖုံးကွယ်ကာ တဆင့်ပြန်လည်တင်ပို့နေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဖော်ထုတ်ထားသည်။

ယခုတောင်းဆိုချက်တွင် BARAAWE 1၊ LS MERCURY၊ REEF နှင့် NOBLE အစရှိသည့် လေယာဉ်ဆီသယ်ယူပို့ဆောင်ရေး သင်္ဘောကြီးများနှင့်အတူ ၎င်းတို့ကို စီမံခန့်ခွဲနေသည့် ယူအေအီးနှင့် ဗီယက်နမ်အခြေစိုက် ကုမ္ပဏီများကိုပါ အမည်ပျက်စာရင်းသွင်းရန် ပါဝင်သည်ကို တွေ့ရှိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ယခုကဲ့သို့ လေယာဉ်ဆီတင်ပို့မှုတိုင်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်ရန် အားပေးကူညီနေခြင်းဖြစ်ကြောင်း ဆိုထားသည်။

သို့သော်လည်း နိုင်ငံတကာမှ ညှိနှိုင်းပေါင်းစပ်၍ ပြတ်သားစွာ အရေးယူမည်ဆိုပါက ဤသွေးစွန်းနေသည့် ကုန်သွယ်မှုကို အမှန်တကယ် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ကနေဒါနိုင်ငံ တစ်နိုင်ငံတည်းကသာ လေယာဉ်ဆီနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအားလုံးကို အလုံးစုံပိတ်ပင်ထားပြီး အခြားအင်အားကြီးနိုင်ငံများကပါ ဤလမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်လာပါက စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာ ဟန့်တားနိုင်မည်ဖြစ်ကာ မြန်မာပြည်သူများအတွက် ကြီးမားသော မျှော်လင့်ချက်တစ်ရပ် ဖြစ်လာမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ