
AB News – ဇန်နဝါရီ ၆ ၊ ၂၀၂၆
အမေရိကန်အစိုးရနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ကိုလံဘီယာအစိုးရက ပြောကြားခဲ့ကြောင်း မီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။
တောင်အမေရိကနိုင်ငံဖြစ်သော ကိုလံဘီယာနိုင်ငံသည် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် တိုက်ဖျက်ရာတွင် အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေးအချက်အလက်များနှင့် နည်းပညာများကို အသုံးပြုပြီး အမေရိကန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့က ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။
ကိုလံဘီယာအစိုးရအနေဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှုကို တိုက်ဖျက်ရာတွင် အမေရိကန်အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည့်အကြောင်းကို အမေရိကန်ဘက်သို့ အသိပေးထားပြီး ဟု ကိုလံဘီယာ ပြည်ထဲရေးဝန်ကြီး အာမန်ဒို ဘေနီဒက်တီနှင့် တရားရေးဝန်ကြီး အန်ဒရက်စ် အီဒါရာဂါတို့ ပြောကြားထားသည့် ရုပ်သံကို ကိုလံဘီယာအစိုးရက မီဒီယာများသို့ ပိုပေးခဲ့သည်။
ကိုလံဘီယာ ပြည်ထဲရေးဝန်ကြီး အာမန်ဒို ဘေနီဒက်တီက ကိုလံဘီယာ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်မှုများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာလုပ်ငန်းစခန်းများ၊ ရာဇဝတ်မှုအဖွဲ့အစည်းများနှင့် ၎င်းတို့၏ အခြေစိုက်စခန်းများကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်ရှင်းလင်းသွားမည်ဟု ဆိုသည်။
တဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုလံဘီယာ သမ္မတ ဂူစတာဗို ပီထရိုကို ”sick” ဟု သုံးနှုန်းပြောကြားခဲ့ပြီး ကိုလံဘီယာနိုင်ငံအတွင်း အမေရိကန်စစ်ရေးလုပ်ဆောင်မှုတစ်ရပ် ပြုလုပ်နိုင်ကြောင်း ပြောကြားထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကလည်း အမေရိကန်တပ်ဖွဲများသည် ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ဝင်ရောက်ကာ သမ္မတ နီကိုလာစ် မာဒူရိုနှင့် ဇနီးဖြစ်သူကို အထူးစစ်ဆင်ရေးတစ်ခုပြုလုပ်ပြီး ဖမ်းဆီးခဲ့ကာ ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မန်ဟန်တန်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။
သမ္မတ မာဒူရိုအား အမေရိကန်နိုင်ငံကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ တရားမဝင်လက်နက်များနှင့် ကာကွယ်ရေး မြှင့်တင်ရန် ကြိုးပမ်းမှု၊ အစိုးရအာဏာကို အလွဲသုံးစားလုပ်မှုနှင့် တရားမဝင်သောအစိုးရကို ဦးဆောင်မှု စသည့်စွဲချက်များဖြင့် စွဲဆိုထားကြောင်းသိရသည်။
ထို့ပြင် ကိုလံဘီယာနိုင်ငံတွင် သမ္မတ ပီထရို၏ အစိုးရအဖွဲ့က ၎င်းတို့လက်ထက် ၂၀၂၅ ခုနှစ်အတွင်း ကိုကိန်း(Cocaine) စုစုပေါင်း မစ်ထရစ်တန်ချိန် ၁,၀၀၀ နီးပါးကို ဖမ်းဆီးသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် ယခင်က မရှိဖူးခဲ့သည့် ပမာဏ ဖြစ်ကြောင်းကိုလည်း အခိုင်အမာပြောကြားထားသည်။