
AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုလှုံနေထိုင်သော မူဆလင်ဒုက္ခသည် ၁ သန်းကျော်အား ၎င်းတို့၏ ဇာတိမြေဖြစ်သော မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ခြင်းသည် အကျပ်အတည်းအတွက် ဖြေရှင်းချက်တစ်ခုဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်၏ ယာယီအစိုးရ အကြီးအကဲ မိုဟာမက် ယူနွတ်စ် က ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အိုင်ဗို ဖရိုက်ဆန် (Ivo Freijsen)နှင့် ယူနွတ်စ်တို့ကြား ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်း၌ တွေ့ဆုံပွဲတွင် ယူနွတ်စ် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မူဆလင်ဒုက္ခများနှင့် ပတ်သတ်သည့် အကျပ်အတည်းကို ဖြေရှင်းရာတွင် ၎င်းတို့ကို မူလနေရာ ဇာတိမြေသို့ ပြန်ပို့ခြင်းကသာ ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ခုဖြစ်ကြောင်း ဆိုထားသည်။
မူဆလင်ဒုက္ခသည်များ ဘေးကင်းစွာ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီအနေဖြင့် တက်ကြွစွာ ပါဝင်ပေးရန် ယူနွတ်စ်က UNHCR ကိုယ်စားလှယ်အား တိုက်တွန်း ပြောဆိုခဲ့ကြောင်းလည်း ပြောဆိုထားသည်။
ကော့စ်ဘဇားခရိုင်ရှိ မူဆလင်ဒုက္ခသည်စခန်းများတွင် အကူအညီများ သိသိသာသာ ကျဆင်းမှုကို မီးမောင်းထိုးပြခဲ့ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လိုအပ်နေကြောင်းကိုလည်း ယူနွတ်စ် က အလေးပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မူဆလင်ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ထင်ရှားသော ပွဲများစွာ စီစဉ်ပြုလုပ်ခဲ့သော်လည်း အကျပ်အတည်းများအတွက် နိုင်ငံတကာ၏ ထိုက်တန်သော အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း ယူနွတ်စ် က UNHCR သို့ တင်ပြခဲ့သည်။
မူဆလင်ဒုက္ခသည်များအနေဖြင့် ဒုက္ခသည်စခန်းများတွင် ကြာရှည်နေထိုင်ခြင်းသည် ဖြေရှင်းချက်တစ်ခု မဟုတ်ကြောင်းနှင့် အိမ်ရှင်အသိုင်းအဝိုင်းနှင့် ပိုမိုတင်းမာလာနိုင်၍ နေရပ်ပြန်ပို့ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို ပြန်လည်စတင်ရန် တောင်းဆိုထားသည်ဟု မိုဟာမက် ယူနွတ်စ်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် Ivo Freijsen ကလည်း ၎င်း၏ အကြီးအကဲ Barham Salih မှာ မကြာမီအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မူဆလင် ဒုက္ခသည်စခန်းများနှင့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိကြောင်း ယူနွတ်စ်၏ တောင်းဆိုချက်များအပေါ် တုန့်ပြန်ခဲ့သည်။