AB News – ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်ပြန်းရွာတွင်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေး ၁ ဦး အပါအ၀င် ၃ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်တွင် အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်ပြန်းကျေးရွာဘက်သို့ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ် တောင်ပိုင်းဒေသများသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာ၍ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကျေးရွာအတွင်းရှိ လူနေအိမ်များနှင့် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးနေရသည်။
စစ်တပ်က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တူဖေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း စစ်ကော်မရှင် စစ်ကြောင်းမှ တူဖေးရွာအနီးရှိ လုံဟော့ကျေးရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်များကို ဆက်လက် မီးရှို့ခဲ့သည်။

