
AB News – မတ် ၁၈၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မူဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အာရက္ခတပ်တော်နှင့် ဆွေးနွေးမည်ဟု ကုလသမဂ္ဂအတွင်းအရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့သည့် မတ်လ ၁၅ နေ့က ပြောဆိုခဲ့သည်။
အာရက္ခတပ်တော်သည် သီးခြားဆန်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် မူဆလင်အရေး ဖြေရှင်းမည်ဆိုပါက AA နှင့် စကားပြောရလိမ့်မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒါကာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ပထမဆုံးအနေနဲ့ပြောရရင် အာရက္ခတပ်တော် (AA) ဟာ သီးခြား အဖွဲ့အစည်းတခုဖြစ်တာကြောင့် သူနဲ့လည်း စကားပြောဖို့လိုအပ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ အတိတ်မှာ ရက္ခိုင်နဲ့ မူဆလင် အသိုက်အဝန်းကြားက ဆက်ဆံရေးတွေဟာလည်း မချောမွေ့ခဲ့ဘူးဆိုတာကို ကျနော်တို့လည်း သိကြပါတယ်။ ဒါကြောင့် ရက္ခိုင်ပြည်ထဲက မူဆလင်တွေရဲ့ အခွင့်အရေးကို အပြည့်အဝ လေးစားဖို့ဆိုရင် AA နဲ့ ထိတွေ့ပြောဆိုမှုလုပ်ဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။” ဟု ဆိုသည်။
မူဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာဖြင့် နေရပ်ပြန်နိုင်ငံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်ဖိအားပေးသင့်ကြောင်း သူက ဆိုသည်။
အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်နေသည့် မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်တို့ကို ၂၀၂၄ ခုနှစ်အတွင်း အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။
ထို့အပြင် မူဆလင် ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာဖြင့် နေရပ်ပြန်နိုင်ရန် မြန်မာအစိုးရနှင့် ဒေသအာဏာပိုင်များအပေါ်တွင် အများကြီး သက်ဆိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး မစ္စတာ တိုဟစ်ဟူစိန်က ဆိုသည်။
“မြန်မာအာဏာပိုင်တွေကို ဖိအားပေးဖို့ ကြိုးပမ်းရမယ့်အချိန်ရောက်ပါပြီ။ နယ်စပ်က အမှန်တရားသစ်တွေကြောင့် အာဏာပိုင်တွေချည်းပဲ ပြောနေတာမဟုတ်ပါဘူး။ ဒေသအာဏာပိုင်တွေ အပါအဝင် သူတို့အားလုံးကို စည်းရုံးသိမ်းသွင်းရမယ်။ သင့်လျော်တဲ့ ဖိအားပေးရမယ်။ ဒါမှ မူဆလင်တွေ သူတို့နေရာမှန်ကို ပြန်သွားနိုင်မှာပါ။” ဟု ဆိုသည်။