သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲအပြီး အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား၊ ဒေသခံ ၂ ဦး သေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲအဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီး ၎င်းနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရွေးကောက်ပွဲအပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားမှုခဲ့၍ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) အား ထောက်ခံသည့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရသည်။

သေဆုံးခဲ့သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘီဂရက်မြို့နယ်၊ ပရိုနဝါကျေးရွာမှ အသက် ၂၉ နှစ် အရွယ် အိုစမန်ဆာဒါးရ်နှင့် ဘိုဂူရာမြို့မှ အသက် ၁၇ နှစ်အရွယ် ဖာဟိမ်ဟူဆိန်တို့ ဖြစ်ကြသည်။

ရွေးကောက်ပွဲအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း BNP ပါတီနှင့် ဂျာမတ်အုပ်စုထောက်ခံသူတို့ကြား အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၂ ရက်တာအတွင်း ၂ ဦး သေဆုံးခဲ့ပြီး ၃၆ ဦးဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်လည်း အကြမ်းဖက်မှုများဆက်လက်မြင့်တက်ခဲ့ပြီး ဂန်ဂျေမြို့ရှိ BNP ပါတီရုံး ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ၂၀၂၅ နှစ်ကုန်ပိုင်းမှစ၍ အကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး နိုင်ငံအတွင်း နိုင်ငံရေးသမားတချို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထို့အတူ ဟိန္ဒူဘာသာဝင်အချို့ အကြမ်းဖက်သတ်ဖြတ်ခံရမှုများနှင့် မူဆလင် မဟုတ်သည့် လူနည်းစု ဌာနေတိုင်းရင်းသားများမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ခံခဲ့ရကြောင်း ဌာနေတိုင်းရင်းသားများက ဆိုကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) ၏ ခေါင်းဆောင် တာရစ် ရာမန် မှာ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးအား စတင် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ