AB News – ဇန်နဝါရီ ၂၁၊ ၂၀၂၆
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက်ကနာ့ဖ် မြို့နယ်အတွင်းရှိ တောင်တန်းဒေသများတွင် အကြမ်းဖက် ARSA အဖွဲ့များသည် စစ်ဘက်သုံးဝတ်စုံများ ဝတ်ဆင်ကာ စစ်ကြောင်းထိုး သွားလာလှုပ်ရှား နေကြသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။
၎င်းတို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အစိုးရထံ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိခြင်းကြောင့် ဒေသခံများမှာ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရကြောင်း ဒေသခံ မူဆလင်များက ပြောဆိုသည်။
ဒေသခံတစ်ဦးက “တက်ကနာ့ဖ်တောင်တန်းတွေမှာ သူတို့ နေ့တိုင်း သွားလာနေကြတာ။ အစိုးရက လျစ်လျူရှုထားတဲ့အတွက် ကျနော်တို့ ဒေသခံတွေပဲ မြေစာပင်ဖြစ်နေရတယ်။ ကိုယ့်အိမ်မှာကိုယ် နေတာတောင် လက်နက်ကြီး၊ လက်နက်ငယ်ဒဏ်တွေ ခံနေရတယ်” ဟု ဆိုသည်။
ထို့အပြင် အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် စစ်ဝတ်စုံများ ဝတ်ဆင်၍ သွားလာနေသည်ကို နယ်ခြားစောင့်တပ်များနှင့် စစ်တပ်က သိရှိသော်လည်း တစ်စုံတစ်ရာ တားဆီးခြင်းမရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် တပ်ပေါင်းစုစစ်ဆင်ရေး (Joint Operation) တစ်ရပ် ဖော်ဆောင်ကာ နယ်မြေရှင်းလင်းရေး အမြန်ဆုံးလုပ်ဆောင်ပေးရန် ဒေသခံများက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် တက်ကနာ့ဖ်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ဒေသတွင်း မကျေနပ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။
ပြန်ပေးဆွဲမှုများလည်း ခပ်စိပ်စိပ် ဖြစ်ပွားလာနေသဖြင့် ပြည်သူ့လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိကြောင်း ပြည်သူများ ထောက်ပြ ပြောဆို နေကြသည်။
တစ်ဖက်တွင်လည်း ရက္ခိုင်ပြည်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော် တပ်စခန်းများကို ARSA, ARA နှင့် RIM စသည့် မူဆလင်အစွန်းရောက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မူများရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် ကျီးကျွန်းအနီး တိုက်ပွဲတွင် ARSA အဖွဲ့ဝင် ၅၀ ခန့် သေဆုံးခဲ့ပြီး ၂၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
အကြမ်းဖက် အဖွဲ့များသည် နယ်စပ်မှတစ်ဆင့် မောင်တောအတွင်းသို့ စိမ့်ဝင်ကာ AA တပ်စခန်းများကို ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ယင်းအကြမ်းဖက်အဖွဲ့များကို ထိရောက်စွာ နှိမ်နင်းခြင်းမပြုပါက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံများအကြား ဝေဖန်မှု ထွက်ပေါ် လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ မူဆလင် ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့သည် ၎င်းတို့အဖွဲ့၏ Logo တံဆိပ်နှင့် စစ်အဝတ်အစားအရောင် တီရှပ် (T-shirt) များကို ရောင်းချကာ အဖွဲ့အတွက် ရန်ပုံငွေများကို ရှာဖွေနေကြောင်း စခန်းတွင်း သတင်းရင်းမြစ်များအရ သိရသည်။
လက်ရှိတွင် ဒုက္ခသည်စခန်းပေါင်း ၃၃ ခုလုံးတွင် ARSA အဖွဲ့ဝင်များက အခြေစိုက်ကာ အဆိုပါ တီရှပ်များကို ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။
တီရှပ်တစ်ထည်လျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၅၅၀ တကာ (Tk) နှုန်းဖြင့် သတ်မှတ်ထားပြီး အဓိကအားဖြင့် အသက် ၁၂ နှစ်မှစ၍ လူငယ်ပိုင်းများကို ပစ်မှတ်ထားကာ ဝတ်ဆင်စေခြင်းဖြင့် အဖွဲ့၏ အင်အားကို ပြသရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အကြမ်းဖက် အဖွဲ့တံဆိပ်ပါ အဝတ်အစားများကို ဝတ်ဆင်ထားသည့် ARSAအဖွဲ့ များသည် ဒုက္ခသည်စခန်းများ အတွင်းသာမကဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိကမြို့ကြီး တစ်ခုဖြစ်သော စစ်တကောင်း (Chittagong) မြို့အထိ လွတ်လပ်စွာ သွားလာလှုပ် ရှားနေကြခြင်းဖြစ်သည်။
ဒုက္ခသည်စခန်းများအတွင်း အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်မှုနှင့် ရန်ပုံငွေရှာဖွေမှုများ ရှိနေသော်လည်း မိုဟာမက် ယူနွတ်စ် (Muhammad Yunus) ဦးဆောင်သော ကြားဖြတ်အစိုးရအနေဖြင့် တစ်စုံတစ်ရာ ထိရောက်စွာ တားဆီးခြင်း သို့မဟုတ် အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ဒေသတွင်း လုံခြုံရေး စိုရိမ်မှုများရှိလာနေကြောင်း မူဆလင်များက ဆိုသည်။


