AB News – ဇူလိုင် ၂၆၊ ၂၀၂၅
နွယ်စိုး
ဘင်္ဂလားဒေ့ရှ် နှင့် အမေရိကန်တို့ ပူးတွဲကျင်းပသည့် “Tiger Lightning 2025” စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆီလပ် (Sylhet) မြို့ရှိ Jalalabad တပ်မ၊ အထူးသီးသန့် ကွန်မန်ဒိုတပ်ဖွဲ့ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ထုတ်ပြန်သည်။
ဖွင့်ပွဲအခမ်းအနားသို့ အမေရိကန်စစ်တပ်၊ လက်ထောက်ပစိဖိတ်စစ်ဌာနချုပ်တပ်မှူး ဗိုလ်ချုပ်ကြီး Ascot A Winter တက်ရောက်ခဲ့သည်။
ဤပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားဒေ့ရှ် တပ်မတော်ကွန်မန်ဒိုတပ်မဟာနှင့် အမေရိကန်တပ်မတော် ပစိဖိတ်စစ်ဌာနချုပ်၊ နီဗားဒါးအမျိုးသား အစောင့်တပ်တို့က ပူးပေါင်းကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လေ့ကျင့်မှု၏ ဖွင့်ပွဲနေ့ အစမ်းစစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးအမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၆၆ ဦးနှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ် အထူးကွန်မန်ဒိုတပ်မဟာမှ အဖွဲ့ဝင် ၁၀၀ ဦးတို့ ပါဝင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ဇူလိုင် ၂၅ ရက်မှ ၃၀ ရက်နေ့အထိ (၆) ရက်ကြာကျင်းပမည့် “Tiger Lightning 2025” စစ်ရေးလေ့ကျင့်မှုကို ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့ကလည်း ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။
“Tiger Lightning Exercise 2025” စစ်ရေးလေ့ကျင့်မှုသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဗျူဟာမြောက် ပူးပေါင်းလေ့လာရေးစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အဆက်မပြတ် ပြင်ဆင်မှုအားကောင်းလာစေရေးတို့ကို ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ခန်းသည် ဘင်္ဂလားဒေ့ရှ် တပ်မတော်သားများ၏ ပရော်ဖက်ရှင်နယ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အမေရိကန်တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော်တို့အကြား ရှိပြီးသားဆက်ဆံရေးကို ပိုမိုထိရောက်စွာ အားကောင်းစေမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်တို့အကြား ဒေသတွင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှု၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကဲ့သို့သော ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်သည် သဘာဝဘေးအန္တရာယ် အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကို တိုက်ဖျက်ရန် ကတိပြုထားပြီး အမေရိကန်အပါအဝင် အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

