
AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆
မြန်မာနိုင်ငံအနှံ့ အရှိန်မြင့်တက်လာနေသော စစ်ရေးပဋိပက္ခများအတွင်း အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးငယ်များကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရခြင်းအပေါ် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တို့မှ လူနေအိမ်များနှင့် စစ်ဘေးရှောင်မိသားစုများ ခိုလှုံရာ ကျေးရွာအတွင်းရှိ လူစည်ကားရာ ဈေးများကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၅ ဦးသေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် အရပ်သားအများအပြား သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သလို တစ်ကျော့ပြန် စစ်ရေးပဋိပက္ခအတွင်း ကလေးငယ်များနှင့် အရပ်သားပြည်သူများမှာ အဆိုးရွားဆုံး သားကောင်များ ဖြစ်နေရကြောင်း UNICEF က ဆိုသည်။
လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကလေးငယ်များမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ အသက်သွေးကြောဆိုင်ရာ ဝန်ဆောင်မှုများ ဆုံးရှုံးနေကြရကာ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံရမှုများ ကင်းမဲ့နေကြောင်း UNICEF က ထောက်ပြထားသည်။
UNICEF အနေဖြင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ (International Humanitarian Law) အရ လိုက်နာရမည့် တာဝန်ဝတ္တရားများကို အပြည့်အဝ စောင့်ထိန်းကြရန် တိုက်တွန်းထားသည်။
ထို့အပြင် “ကလေးငယ်များသည် မည်သည့်အချိန်တွင်မဆို ကာကွယ်စောင့်ရှောက်ခြင်း ခံရမည်ဖြစ်သည်” ဟူသော မူဝါဒကိုလည်း အလေးအနက်ထား ပြောဆိုထားသည်။
လက်ရှိတွင် UNICEF သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် လိုအပ်သော အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#AB_News #ArakanBayNews #MilitaryCommission #Bombed #Ponnagyun #Myinmu #Killed #5Children #injured #3Children #Myanmar