ABN-နွယ်စိုး
သြဂုတ်-၇ ရက်
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် သြဂုတ်လ ၆ ရက်နေ့က အဝေးပြေး မီးရထားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့၍ အနည်းဆုံး လူ ၃၀ သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ ကရာချိကနေ ၁၇၁ မိုင်အကွာ နဝပ်ရှာရှိ ဆာဟာရဘူတာ၌ ရထားမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများကြားတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်များလုပ်ခဲ့သည်။
ရထားတိမ်းမှောက်မှုအတွင်း ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံများသို့ ပို့ထားပြီး အနည်းဆုံး ရထားတွဲရှစ်တွဲ လမ်းချော်သွားခဲ့ကြောင်း မီးရထားတာဝန်ရှိသူတဦးကပြောခဲ့သည်။
အဆိုပါရထားတိမ်းမှောက်မှု အကြောင်းရင်းနှင့် ပတ်သက်လို့ တာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ဟောင်းနွမ်းနေပြီဖြစ်သော မီးရထားများ မကြာခဏ လမ်းချော် တိမ်းမှောက်ခြင်းဖြစ်လေ့ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပါကစ္စတန်နိုင်ငံတွင် ၂၀၁၃ ခုနှစ်ကနေ၂၀၁၉ ခုနှစ်အတွင်း မီးရထားမတော်တဆဖြစ်ပွားမှုကြောင့် လူ ၁၅၀ ထိသေဆုံးခဲ့သည်။