သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ပင်လုံအနှစ်သာရကို မခံစားဖူးသေးကြောင်း ချင်းအမျိုးသားတပ်ဦး ဆို

AB News ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
LOKI

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၉ ကြိမ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်အခမ်းကို ချင်းအမျိုးသားတပ်ဦး CNF က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာအတွင်း ၇၉ ကြိမ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုကြောင်းနှင့် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း “ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ပါဝင်သည့်” ပင်လုံအရသာကိုမခံစားဖူးသေးကြောင်း တွေ့ရှိရသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ဗမာပြည်မနယ်မြေ တစ်ခုတည်းကိုသာ ပြည်ထောင်စုဗဟိုအာဏာနှင့် တွဲထားခဲ့ပြီး ကျန်နယ်မြေများတွင် ခေတ်အဆက်ဆက် လူမျိုးကြီးဝါဒဖြင့် ပြည်မခေါင်းဆောင်များနှင့် စစ်ကော်မရှင်တပ်အကြီးအကဲများ၏ ကြီးစိုးအုပ်ချုပ်ခြင်းကို ခံခဲ့ရကြောင်း တွေ့ရှိရသည်။

ခေတ်အဆက်ဆက်မှ လူမျိုးကြီးဝါဒဖြင့် ကြီးစိုးအုပ်ချုပ် လာခဲ့ကြသော ပြည်မ ခေါင်းဆောင်များ၊ အာဏာသိမ်း စစ်တပ်မှစစ်ဗိုလ်ချုပ်များနှင့် စစ်အုပ်ချုပ်ရေးအဖွဲ့များက တစ်ပြည်ထောင် စနစ်အဖြစ် အသွင်ပြောင်းစေကာ မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုကို သက်သေထူသည့် အမျိုးသား ဂုဏ်အင်လက္ခဏာများ၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းများကို စနစ်တကျ သိမ်းပိုက်ခြင်းနှင့် ဝါးမျိုဖျက်ဆီးခြင်းတို့ဖြင့် “ပြည်ထောင်စု” ဟူသည့် အနှစ်သာရသည် “တစ်ပြည်ထောင်” စနစ်သို့ ဦးတည် ပြောင်းလဲလာခဲ့ကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး CNF ၏ ရည်မှန်းချက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်အား ခုခံတွန်းလှန်ရေးအတွက် အသက်‌သွေးချွေးများ ရင်းကာ တိုက်ပွဲဝင်လာခဲ့ပြီး တော်လှန်ရေး အင်အားစုများနှင့် တန်းတူ တော်လှန်ရေးခရီးလမ်းတစ်လျှောက်လုံး တစ်စိုက်မတ်မတ် လက်တွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် အနှစ်သာရကင်းမဲ့သော ပင်လုံဆီမှ အနှစ်သာရ အပြည့်အဝပါဝင်သည့် Bottom-up Federalism အခြေခံတို့ဖြင့် ဦးတည်ကာ ဖက်ဒရယ်ဒီမိုကရေစီကို ပုံဖော်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ