
AB News- ဇန်နဝါရီ ၉၊ ၂၀၂၆
စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်- AA တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ကို ဇန်နဝါရီ ၈ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲအတွက် မဲထည့်ရန်ပြောကြားခဲ့ကြောင်း သိရှိရသည်။
လာမည့်ဇန်နဝါရီ ၁၁ ရက် စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် မြို့နယ် ၁၀၀ ထဲ၌ ပန်းတောင်းမြို့နယ် ပါဝင်နေပြီး ရွေးကောက်ပွဲတွင် စစ်တပ်နဲ့လက်တွဲလုပ်ဆောင်မည့် ကိုယ်စားလှယ်လောင်းကို မဲပေးရန် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော်က ပန်းတောင်းမြို့နယ်အစပ်က စစ်တပ်စခန်းများကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း စစ်အင်အားဖြည့်တင်းပြီး ပြန်လှန်ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
ပဲခူးတိုင်းထဲက နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်များထဲက စစ်တပ်စခန်းများကိုလည်း တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၇ ရက်မှာ တိုက်ခိုက်မှုများရှိခဲ့ကြောင်းသိရသည်။
စစ်ခေါင်းဆောင် ရောက်ရှိခဲ့သည့် ပန်းတောင်းမြို့နယ်သည် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်းတို့ ဆက်စပ်နေသည့် နေရာဖြစ်ပြီး ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစစ်စခန်းကို အာရက္ခတပ်တော်- AA က ဧပြီလတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။