AB News – ဇန်နဝါရီ ၃၀၊ ၂၀၂၆
ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား ရှာဖွေဖမ်းဆီးမှုများကို အာဏာပိုင်များက ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လာသဖြင့် ယခင်ကထက် ဖမ်းဆီးရရှိမှုများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။
မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွင်း အပူချိန်အာရုံခံနိုင်သည့် Thermal Camera ပါဝင်သည့် ဒရုန်းများကို အသုံးပြုကာ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၇၈ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၁၈ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း မလေးရှား ဘနားမား သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးမှာ နှစ်ပတ်ကျော်ကြာ သတင်းအချက်အလက်များကို စုဆောင်းပြီးနောက် လူနေဆိုင်ခန်းများကို အဓိကထား စစ်ဆေးခဲ့ခြင်းဖြစ်ကာ လူဦးရေ ၁၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ယင်းအထဲမှ လူဝင်မှုဆိုင်ရာ ပြစ်မှုများဖြင့် နိုင်ငံခြားသား ၂၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ ဇန်နဝါရီ ၂၉ ရက် နံနက်အစောပိုင်းအချိန်တွင် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီနယ်စပ်ဒေသ၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁၂ ဦးကို ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းများကို Thong Pha Phum ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ရည်ရွယ်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆင်ရေးများကို ဆက်တိုက် ဆောင်ရွက်လာခဲ့ပြီး စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ လူနေတိုက်ခန်းများနှင့် နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံသားများ အများအပြား ဖမ်းဆီးခံရသည့် ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုများတွင် နည်းပညာမြင့် စောင့်ကြည့်ကိရိယာများနှင့် ဒရုန်းများကို အသုံးပြုလာခြင်းသည် ယခုကာလအတွင်း ထူးခြားသည့် အချက်အလက်တစ်ရပ်ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။



