
AB News – ဇူလိုင် ၃၁၊ ၂၀၂၅
နွယ်စိုး
ထိုင်းနိုင်ငံသည် မြန်မာလေတပ်၏ တပ်ဖွဲ့ဝင်များအတွက် အရာရှိသင်တန်းများ ပို့ချပေးမည်ဖြစ်ကြောင်းနှင့် လူမဲ့ဒရုန်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် မြန်မာလေတပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း ပြောကြားလိုက်သည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် ထိုင်းတော်ဝင်လေတပ်ဌာနချုပ်၌ မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်းတော်ဝင်လေတပ် ဦးစီးချုပ်တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က လူသားချင်းစာနာမှုအကူအညီများအတွက် ထိုင်းဘုရင်နှင့် မိဖုရားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီများ အစောဆုံးပေးခဲ့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာ လေတပ်ဦးစီးချုပ်၏ ထိုင်းနိုင်ငံသို့ ခရီးစဉ်သည် နှစ်နိုင်ငံ လေတပ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ဒေသတွင်းလုံခြုံရေးအတွက် ပိုမိုနားလည်မှုရှိရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထိုင်းလေတပ်က ထုတ်ပြန်ထားသည်။
ထို့အပြင် ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထိုင်းနှင့် မြန်မာလေတပ်ဦးစီးချုပ်များသည် နှစ်နိုင်ငံလေတပ် နှစ်ခုအကြား ကောင်းမွန်သော ဆက်ဆံရေးကို အလေးပေး ပြောကြားခဲ့ကြောင်း ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ခဲ့သည်။
မကြာသေးမီက ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံထားရသူ ရှောင်အိုနေးက ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုမှု မလုပ်သင့်ကြောင်း အမေရိကန်ဆီးနိတ် ကြားနာမှုတွင် ပြောဆိုထားသည်။