သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်‌နေ‌ခြင်းက အကျိုးမရှိဘဲ ဘုံရန်သူအတွက် ချက်ကောင်းဖြစ်နိုင်ဟု GZA ဆို

AB News – ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆
LOKI

တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် BNRA နှင့် NUG တို့အကြား သဘောထားကွဲလွဲကာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်‌ပွားလာခြင်းအပေါ် ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA) က ကန့်ကွက်ထားပြီး အဘက်ဘက်မှ အကျိုးမရှိနိုင်ကြောင်းနှင့် ဘုံရန်သူအတွက် လက်ခမောင်းခတ်စရာ လုပ်ရပ်ဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ယ‌နေ့ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ဗိုလ်နဂါးဦးဆောင်သည့် BNRA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်တပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သတ်ပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တော်လှန်ရေးတပ်အချင်းချင်း တိုက်ခိုက်နေခြင်းမှာ ၎င်းတို့ကာကွယ်နေသည့် ပြည်သူများ၏ ယုံကြည်ထောက်ခံမှုများကို နွမ်းပါးစေကြောင့်နှင့် ပြည်သူများအား ဘေးဒုက္ခအန္တရာယ်‌ကျရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထိုနောက် အဆိုပါနှစ်ဘက်ပစ်ခတ်တိုက်ခိုက်နေကြသည့် လက်နက်ခဲယမ်းများမှာလည်း ပြည်သူများ၏ တော်လှန်ရေးအောင်မြင်ရေးအတွက် ထောက်ပံ့လှူဒါန်းထားကြသည့် လက်နက်များသာဖြစ်ပြီး အချင်းချင်းပစ်ခတ်ရန် မဟုတ်ကြောင်း GZA က ဆိုထားသည်။

ယခုကဲ့သို့ တော်လှန်ရေးကာလအတွင်း ဘုံရန်သူ(စကမ)အား တိုက်ခိုက်ရန်အလို့ငှာ လက်နက်အင်အားများ ချွေတာနေရသည့် အခြေနေဖြစ်ပြီး အချင်းချင်းပစ်ခတ်နေခြင်းက တော်လှန်ရေးကို သွယ်ဖယ်နေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များအကြား သဘောထားကွဲလွဲမှုများကို ဆွေးနွေးညှိ့နှိုင်းတိုင်းပင်သင့်ကြောင်းနှင့် အင်အားသုံးတိုက်ခိုက်မှုများကို လုံးဝရှုံ့ချကြောင်း သိရှိရသည်။

NUG လက်‌အောက်ခံ MOD တပ်ရင်းများမှ ယမန်‌နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၇ နာရီခွဲခန့်မှ စတင်ပြီ BNRA ဂိတ်စခန်းများအနီးအနားသို့ အင်အားထောင်ချီဖြင့် ချည်ကတ်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ BNRA ဘက်မှ ထိခိုက်ကျဆုံးများရှိခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ