သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နိုင်ငံတွင် အမေရိကန်အစိုးရဝန်ထမ်း ၁ ဦးအား ပြန်လည် ထွက်ခွာခွင့် တရုတ် ပိတ်ပင်


AB News – ဇူလိုင် ၂၃၊ ၂၀၂၅
နွယ်စိုး
တရုတ်နိုင်ငံသို့ ကိုယ်ရေးကိုယ်တာခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံ မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံး (USPTO) ဝန်ထမ်းတ ၁ ဦးအား တရုတ်အစိုးရက နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင် ၂၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု NHK သတင်းဌာနတွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက NHK သို့ “ဒီကိစ္စကို ကျနော်တို့ အနီးကပ်စောင့်ကြည့်နေပြီး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာခွင့် ပိတ်ပင်ခံထားရသည့် အဆိုပါဝန်ထမ်းသည် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ USPTO တွင် လုပ်ကိုင်နေသူဖြစ်သည်။
ဝါရှင်တန်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ ၎င်းသည် တရုတ်လူမျိုး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်လအနည်းငယ်က မိသားစုထံ သွားရောက်လည်ပတ်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဗီဇာလျှောက်ထားရာတွင် အမေရိကန်အစိုးရအတွက် အလုပ်လုပ်ကြောင်း ဖော်ပြရန် ပျက်ကွက်ခဲ့သည့်အတွက် တရုတ်အစိုးရက နိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းကို တားဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း ဝါရှင်တန်ပို့စ်က ဖော်ပြသည်။
ထို့အပြင် အမေရိကန် ဘဏ်ကြီးတစ်ခုဖြစ်သည့် Wells Fargo မှ အမျိုးသမီးအမှုဆောင်အရာရှိတစ်ဦးလည်း တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါအမျိုးသမီးသည် “တရုတ်နိုင်ငံရဲ့ အာဏာပိုင်တွေ လက်ရှိကိုင်တွယ်နေတဲ့ ရာဇဝတ်မှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်နေတဲ့သူ ဖြစ်တဲ့အတွက် ထွက်ခွာခွင့် ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရတာ” ဟု ပြောခဲ့သည်။
“တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံးအနေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာသင့်တယ်” ဆိုသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ အမေရိကန်ဘဏ်ကြီး Wells Fargo ဘက်က တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသို့ သွားမည့် ဝန်ထမ်းများ၏ ခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ