
AB News – နိုဝင်ဘာ ၃၊၂၀၂၅
နွယ်စိုး
တရုတ်က ထိုင်ဝမ်အား ကျူးကျော်သိမ်းပိုက်လျှင် အမေရိကန်နိုင်ငံအနေဖြင့် ကာကွယ်ပေးသွားမည်ဖြစ် ကြောင်းနှင့် ဖြစ်လာမည့်အကျိုးဆက်များအား တရုတ်သမ္မတ ရှီကျင့်ဖျင် နားလည်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယားနိုင်ငံတွင် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ထိုင်ဝမ် အရေးက ဘယ်တော့မှ အဓိက ဆွေးနွေးရမယ့် အကြောင်းအရာ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်အနေနဲ့ ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူ ကျူးကျော်သိမ်းပိုက်ရင် အမေရိကန်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာမယ်ဆိုတာ သမ္မတ ရှီကျင့်ဖျင် သိပါတယ်” ဟု ၎င်းက ပြောသည်။
CBS သတင်းထောက်များက တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူလျင် အမေရိကန်က ကာကွယ်ပေးသွားမည်လားဟု မေးမြန်းရာတွင် “ဘာဖြစ်သလဲဆိုတာကို ရှာဖွေပြီး အဲဒီအဖြေကို ရှီကျင့်ဖျင် သိပါတယ်။ ကျွန်တော့် လျှို့ဝှက်ချက်တွေ မပြောပြနိုင်ဘူး။ ဒါတွေကို တရုတ်ဘက်က သိပါတယ်”ဟု ဒေါ်နယ်ထရမ့်က ဖြေဆိုခဲ့သည်။
အမေရိကန်တွင် ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်နေသရွေ့ တရုတ်နိုင်ငံက ထိုင်ဝမ်အား မကျူးကျော်ကြောင့် သမ္မတ ရှီကျင့်ဖျင်မှ ကတိပြုခဲ့ပြီး ကျူးကျော်လာလျှင် ဖြစ်လာမည့် အကျိုးဆက်များနှင့် ပတ်သက်၍ သမ္မတ ရှီကျင့်ဖျင် သိသည်ဟု ဒေါ်နယ်ထရမ့်မှ ပြောကြားခဲ့သည်။
ထိုင်ဝမ်အား လက်အောက်ခံပြည်နယ်အဖြစ် တရုတ်က ပြောဆိုထားပြီး အမေရိကန်မူဝါဒအရ တရုတ်ကိုသာ အသိအမှတ်ပြုမည်ဟု ဒေါ်နယ်ထရမ့် ပြောကြားခဲ့သော်လည်း ထိုင်ဝမ်သို့ စစ်လက်နက်များ ကူညီထောက်ပံ့ပေးနေကြောင်း သိရှိရသည်။
သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်ဝမ်အရေးကို ဆွေးနွေးရန် ရှောင်ရှားခဲ့ကြပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြေလျှော့မည့် ကိစ္စရပ်ကိုသာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။