
AB News – သြဂုတ် ၂၀၊ ၂၀၂၅
နွယ်စိုး
အာရှ၏ အင်အားကြီးနိုင်ငံ ၂ ခုဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယတို့သည် တင်းမာမှုများ လျှော့ချကာ ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ဩဂုတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံစဉ် ယင်းကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားသည်။
ထို့အပြင် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကို နေရာ ၃ နေရာတွင် ပြန်လည်ဖွင့်လှစ်ရန်လည်း နှစ်ဖက် သဘောတူခဲ့ကြကြောင်း သိရသည်။
အိန္ဒိယအစိုးရက ဗီဇာစည်းမျဉ်းများကိုလည်း ဖြေလျှော့ပေးမည်ဟု ဆိုသည်။
ဝန်ကြီးချုပ်မိုဒီက “အိန္ဒိယနဲ့ တရုတ်တို့အကြား တည်ငြိမ်တဲ့၊ ခန့်မှန်းလို့ရတဲ့၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို သိသိသာသာ အထောက်အကူပြုပါလိမ့်မယ်” ဟု ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ကာဇန်တွင် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကျိုးစီးပွားနှင့် သတိထားကိုင်တွယ်ရမည့် ကိစ္စရပ်များတွင် တိုးတက်မှုများ ရှိခဲ့ကြောင်းလည်း ၎င်း၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
အိန္ဒိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အာဂျစ်ဒိုဗယ်၏ ပြောကြားချက်အရ ဝန်ကြီးချုပ်မိုဒီသည် လာမည့် ဩဂုတ်လ ၃၁ ရက်နေ့တွင် တီယန်ကျင်းမြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ်အနေဖြင့် တရုတ်နိုင်ငံသို့ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိန္ဒိယအပေါ် ပြင်းထန်သော အခွန်မူဝါဒများ ချမှတ်ပြီးနောက် တရုတ်နှင့် အိန္ဒိယတို့အကြား ဆက်ဆံရေး ပြန်လည်တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ယခင်က အိန္ဒိယသည် အာရှတွင် တရုတ်၏ဩဇာကို ထိန်းချုပ်နိုင်သည့် ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရသောကြောင့် အမေရိကန်၏ ရေရှည်မဟာမိတ် ဖြစ်ခဲ့ကြောင်း သိရသည်။