
AB News – သြဂုတ် ၁၇၊ ၂၀၂၅
ဒေဝီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ကို ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက သုံးရက်အတွင်း သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း Kanbauk Defense Force (KBDF) က သြဂုတ် ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
၎င်းတိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ တပ်သား ၃၀ ဦး သေဆုံးကာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပထမဆုံး တိုက်ပွဲနှစ်ကြိမ်မှာ သြဂုတ် ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
နံနက် ၁၁ နာရီခန့်နှင့် ညနေ ၃ နာရီခန့်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်အချို့နှင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စစ်ကော်မရှင် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဒုတိယအကြိမ် တိုက်ပွဲမှာ သြဂုတ် ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၁၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များမှာ ဒေါနစစ်ကြောင်း-၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ-၆၊ တပ်ရင်း-၂၇၊ ရာမညမွန်တပ်တော် (R.M.A)၊ ဒေါနစစ်ကြောင်း-၂ (YGF)၊ ရေးဘီလူးတပ်ရင်း၊ ဗျူဟာ-၃၃ ဒေါနစစ်ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ နှင့် ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း (KTLA) တို့ ဖြစ်ကြသည်။