
AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၆
ချန်ဒြာ
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်ကော်မရှင်တပ်၏ ရွေးကောက်ပွဲအပေါ် စိတ်ပျက်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီ တိုရှီမိဆု(MOTEGI Toshimitsu) က ယမန်နေ့တွင် ၎င်း၏သဘောထားတစ်ရပ်ကို ထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံကို စစ်ကော်မရှင်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းယူခဲ့ပြီး ယခုရက်ပိုင်းအတွင်း ကျင်းပပြုလုပ်သည့်ရွေးကောက်ပွဲမှာ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲမတိုင်မီ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုမှုမှာ မအောင်မြင်ခဲ့ကြောင်း ပြောဆိုထားသည်။
သို့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံရေးတိုးတက်မှု အဆင့်ဆင့်လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း စောင့်ကြည့်သွားမည်ဟု ပြောဆိုထားသည်။
ထို့ပြင် ဂျပန်အစိုးရအနေဖြင့် အခက်ခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ၏ ဘဝနေထိုင်မှုတိုးတက်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ချမှတ်ထားသည့် မူဝါဒအတိုင်း ဆက်လက်ပေးအပ်သွားမည်ဟု အတည်ပြုပြောဆိုထားသည်။