
AB News – မတ်လ ၄၊ ၂၀၂၆
စစ်ကော်မရှင်ထိန်းချုပ် ဒေသများတွင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် အများပြည်သူများမှ စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနှင့် စျေးနှုန်းမြင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် စစ်ကော်မရှင်(စကမ) ၏ မတ်လ ၃ ရက်နေ့ထုတ် စက်သုံးဆီချွေတာသုံးစွဲရေး ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများအရ အရှေ့အလယ်ပိုင်းတွင် စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် ကုန်သင်္ဘောများ ပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အခက်အခဲ အတားအဆီးများ ရှိနေကြောင်း ဆိုသည်။
စက်သုံးဆီဖူလုံရေးဟုဆိုကာ ယာဥ်သွားလာမှုများအား ၎င်းတို့ထိန်းချုပ်ဆဲမြို့နယ်များတွင် လာမည့် မတ်လ ၇ ရက်နေ့မှစ၍ အချက် ၃ ချက်ပါ စည်းကမ်းချက် ၃ ရပ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လစဥ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဥ်များ နှင့် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသည့် ယာဥ်များသာ မောင်နှင်အသုံးပြုရမည်ဟု ဆိုသည်။
အများပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးယာဥ်များ၊ အငှားယာဥ်များ(Taxi)၊ စက်သုံးဆီပို့ဆောင်ရေးယာဥ်များ၊ ဆောက်လုပ်ရေးသုံယာဥ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဥ်များ၊ လူနာတင်ယာဥ်/နိဗ္ဗာန်ယာဥ်၊ စည်ပင်အမှိုက်သိမ်းယာဥ်များ နေစဥ်အသုံးပြုနိုင်ကြောင်း သိရသည်။
စက်သုံးဆီလုပ်ငန်းပိုင်ရှင်များနှင့် အများပြည်သူများ စက်သုံးဆီဝယ်ယူစုဆောင်းမှု၊ စျေးနှုန်းမြင့်တင်ရောင်းချမှုများ မပြုလုပ်ရန် ပြောဆိုထားသည်။
ယင်းအပြင် ထုတ်ပြန်ချက်ပါ စည်းကမ်းသတ်မှတ်မှုများမှာ တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်မှုမရှိသည်အထိ အတည်ဖြစ်ပြီး စည်းကမ်းချက်များ ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စကမ က ဆိုသည်။