
AB News – နိုဝင်ဘာ ၂၊ ၂၀၂၅
နွယ်စိုး
နိုင်ဂျီးရီးယားနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသော အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းထန်စွာ သတိပေး ပြောကြားခဲ့ပြီး နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ယင်းသတ်ဖြတ်မှုများကို ခွင့်ပြုနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များသည် အစ္စလာမ်မစ် အစွန်းရောက်များ၏ ဖိနှိပ်မှုနှင့် ကြောက်မက်ဖွယ် သတ်ဖြတ်မှုများကို ခံစားနေကြရပြီး ၎င်းတို့၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း သမ္မတထရမ့်က ဆိုသည်။
သမ္မတထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ဂျီးရီးယားအစိုးရအား တိုက်ရိုက်သတိပေးခဲ့ရာတွင် “နိုင်ဂျီးရီးယားအစိုးရက ခရစ်ယာန်တွေကို ဆက်လက် သတ်ဖြတ်ခွင့်ပြုနေမယ်ဆိုရင် အမေရိကန်နိုင်ငံက ပေးအပ်နေတဲ့ အကူအညီအားလုံးကို ရပ်ဆိုင်းမယ်။ မတရား အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေကိုလည်း အမြစ်ပြတ်ရှင်းလင်းသွားမယ်” ဟု ရေးသားခဲ့သည်။
နိုင်ဂျီးရီးယားအစိုးရသည် သတ်ဖြတ်မှုများကို ဆက်လက် ခွင့်ပြုထားပါက စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထပ်မံသတိပေးခဲ့သည်။
“အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေရင် အမေရိကန်နိုင်ငံက နိုင်ဂျီးရီးယားကို ကူညီထောက်ပံ့ပေးတာတွေကို ချက်ချင်းရပ်ဆိုင်းမှာ ဖြစ်တယ်။ နောက်ပြီး စစ်ရေးအရ အရေးယူမှာ” ဟု ထရမ့်က ဆိုသည်။
ယင်းအရေးယူမှုအတွက် ကြိုတင်ပြင်ဆင်ထားရန် စစ်ဘက်ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပြီး အမေရိကန်၏ တိုက်ခိုက်မှုတိုင်းသည် လျင်မြန်ပြီး ပြင်းထန်မည်ဟုလည်း သမ္မတထရမ့်က အသိပေး ပြောဆိုခဲ့သည်။
ဘာသာရေးဖိနှိပ်မှုများကြောင့် နိုင်ဂျီးရီးယားနိုင်ငံကို “အထူးစိုးရိမ်စရာနိုင်ငံ” (Country of Particular Concern) အဖြစ် သတ်မှတ်ကြောင်းလည်း ၎င်းက ဆိုသည်။
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မူဆလင်အများစုနှင့် တောင်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင် အများစု နေထိုင်ကြရာ အဆိုပါအုပ်စုနှစ်ခုအကြား ရံဖန်ရံခါ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။