
AB News သြဂုတ် ၂၁၊ ၂၀၂၅
ဒေဝီ
ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပိန်ဒေသကို စစ်ကော်မရှင်တပ်များက ပြန်လည်ထိုးစစ်ဆင်လာသောကြောင့် စစ်ကော်မရှင် နှင့် TNLA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များကပြောသည်။
သြဂုတ် ၁၈ ရက်တွင် စစ်ကော်မရှင်တပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း သိရသည်။
၁၉ ရက်တွင် စစ်ကော်မရှင် တပ်မ ၁၁ လက်အောက်ခံ စစ်ကြောင်းသည် နောင်ပိန်နှင့် မိုင် ၅၀ အကွာရှိ ထန်းတပင်ကျေးရွာသို့ ရောက်ရှိလာပြီး၊ သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင်မူ နောင်ပိန်ကျေးရွာနှင့် ၄ မိုင်ခန့်အကွာအထိ ရောက်ရှိလာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ကတည်းက နောင်ပိန်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က ဒုံးကျည်များဖြင့် ပစ်ခတ်နေကာ TNLA တပ်များကလည်း နောင်ပိန်ကျေးရွာကြီးအတွင်းရှိ လမ်းတစ်ဘက်ခြမ်းမှနေ၍ ခုခံတိုက်ခိုက်နေကြောင်း သိရှိရသည်။
နောင်ပိန်ကျေးရွာသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေလည်း ဖြစ်သည်။
စစ်ကော်မရှင်တပ်ကိုယ်စားလှယ်နှင့် TNLA တပ်ဖွဲ့တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ယခုရက်ပိုင်းအတွင်း တွေ့ဆုံရန်ရှိနေသော်လည်း စစ်ကောင်စီက ကျောက်မဲမြို့ကို အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ် ထိုးစစ်နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နောင်ပိန်၊ ထန်းတပင်နှင့် အနီးအနားကျေးရွာများရှိ ဒေသခံများနှင့် ကျောက်မဲ၊ သီပေါမြို့များမှ စစ်ဘေးရှောင်များပါ ဘေးလွတ်ရာနေရာများသို့ ထပ်မံရွှေ့ပြောင်းရန် ပြင်ဆင်နေကြကြောင်း သိရသည်။