
AB News – ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ကို Chin Defense Force (CDF) – Hakha က ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၇ နာရီအချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDF-Hakha Support Team (North America) က ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် တာဝန်ကျသူ ရဲမင်းကြီးသည် လူမဆန် အင်မတန် ကြမ်းကြုတ်ရိုင်းစိုင်းနေပါသည်။ သူ့လက်အောက် ရဲဘော်များကို တနေ့ သိန်း ၃၀ ထက်မနည်း ပြည်သူတွေဆီက မတရား လုယူခိုင်းပြီး တပ်ကုန်းနေ ဗျုဟာမှူးထံ ကန်တေ့ာလေ့ရှိကြောင်းသိရှိရပါသဖြင့် ပြည်ထောင်စုနေ့ ညနေ ခင်းတွင် CDF Hakha မှ operation လုပ်ရခြင်း ဖြစ် ပါသည်”ဟုဖော်ပြထားသည်။
ထို့အပြင် ဟားခါးမြို့အတွင်း ပြည်သူများထံမှ ငွေကောက်ခံမှုများ ဆက်လက်ပြုလုပ်ပါက ပိုမိုပြင်းထန်သည့် ပစ်ခတ်မှုနှင့် ဖောက်ခွဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သတိပေးပြောကြားထားသည်။
ယမန်နေ့ တိုက်ခိုက်မှုတွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်နေ ပြည်သူများထံမှ မတရားငွေ လုယူရန်လာသည့် စစ်ကော်မရှင်၏ ကား ၃ စီးကို CDF Hakha မှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ကား ၂ စီးမှာ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၃ နာရီကလည်း ဟားခါးမြို့မရဲစခန်းကို CDF-Hakha နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စီးနင်းခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ခဲ့သည်။