သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အောင်ဖြူပြင်ကျေးရွာ ဗုံးကြဲခံရမှု ဖြစ်စဉ်အတွင်း ဆယ်ကျော်သက် စစ်ဘေးရှောင် အမျိုးသမီးငယ်တစ်ဦး ထပ်မံသေဆုံး

AB News- မတ် ၂၇၊ ၂၀၂၅

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာကို မတ်လ ၂၅ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများထဲမှ ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ၂၅ ရက်နေ့၊ ညနေပိုင်း ၇ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်ဖိုက်တာတစ်စီးဖြင့် စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်မှ အောင်ဖြူပြင်ရွာတွင် စစ်ဘေးရှောင်နေသည့် ဦးသန်းမောင် ၊ဒေါ်မရီနှင့် ကိုမောင်သက်နိုင်တို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ဒဏ်ရာရရှိသွားသည့် ပြည်သူ ၁၄ ယောက်ထဲမှ ကိုရဲလင်းစိုးမှာ ဒဏ်ရာပြင်းထန်၍ ယမန်နေ့ မတ်လ ၂၆ရက်နေ့က ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ်အတွင်း သေဆုံးသွားခဲ့သည်။

ထပ်မံ သေဆုံးသွားသည့် ဆယ်ကျော်သက်အမျိုးသမီးငယ် ၁ ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ မအေးမြတ်ဝေ (၁၅ နှစ်) ဖြစ်ပြီး ယမန်နေ့ မတ်လ ၂၆ရက်နေ့က ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားသည်ဟု သိရသည်။

ထို့အတွက်ကြောင့် ပုဏ္ဏားကျွန်း၊ အောင်ဖြူပြင်ရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ၅ ဦးအထိ ရှိလာပြီးဖြစ်သည်။

ယင်းအပြင် ၎င်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ထိုအထဲမှ တချို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရသည့် အခြေအနေရှိကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
၂၀၂၆ ခုနှစ်အတွင်း ရက္ခိုင်ကို ၁၀ ကြိမ်ထက်မနည်း စကမ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်း နှင့် ပြည်သူ ၃၃ ဦးသေဆုံး၊ ၅၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ(သေဆုံးသူများတွင် လသားအရွယ်ကလေးငယ်များပါဝင်နေ)