
AB News – မတ် ၁၄၊ ၂၀၂၅
ရက္ခိုင်-ဘင်္ဂလားနယ်စပ် အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၄ ဦးနှင့်အတူ ငါးဖမ်းလှေ ၄ စီးကို အာရက္ခတပ်တော် ကမ်းရိုးတန်းစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး သတိပေးပြီး ပြန်လည် လွှတ်ပေးခဲ့သည်ကို AB News ကတွေ့ရှိရသည်။
ယမန်နေ့ မတ် ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် အာရက္ခတပ်တော်၏ ကမ်းရိုးတန်းစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပင်လယ်ပြင်အတွင်း ကင်းလှည့်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၄ ဦးနှင့် ၎င်းတို့၏ ငါးဖမ်းလှေ ၄ စီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို မောင်တောမြို့နယ် နှာခေါင်းတိုကမ်းခြေမှ ၁.၈၃ ကီလိုမီတာခန့်အကွာတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လှေများအပြင် အာထောက်ပိုက် ၁၀ လက်ခန့် ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းမိသည့် နေရာတွင်ပင် ၎င်း ငါးဖမ်းသမားများအား နောက်ထပ် လာရောက် ငါးခိုးဖမ်းခြင်းမပြုလုပ်ရန်နှင့် နောက်ထပ် တွေ့ရှိလျှင် ငါးဖမ်းဘုတ်နှင့် ပိုက်များကို သိမ်းဆည်းပြီး လူကိုလည်း ထောင်ချ ပစ်ဒဏ်ပေးမည်ဟု သတိပေးကာ ပြန်လည် လွှတ်ပေးလိုက်သည်ကို တွေ့ရသည်။
“မင်းတို့မှာ ဘုတ်လည်းသေးတယ်၊ ပိုက်လည်းသေးတဲ့အတွက် နောက်ဆုံးသတိပေးတာ ဖြစ်တယ်။ မင်းတို့ကို ငါတို့ ခြွင်းချက်အနေနဲ့ ပြန်လို့ လွှတ်ပေးမယ်။ သို့သော်လည်း မင်းတို့ဟာ အာရက္ခပင်လယ် ရေပိုင်နက်တွင်းထဲမှာ နောက်ထပ် ငါးခိုးဖမ်းတာကို တွေ့ခဲ့ရင် ဘုတ်ကိုလည်း သိမ်းမယ်၊ ပိုက်ကိုလည်း သိမ်းမယ်။ လူကိုလည်း ထောင်ချမယ်။ ရက္ခိုင့်ဥပဒေနှင့်အညီ မင်းတို့တွေကို အရေးယူသွားမယ်။” ဟု ဖမ်းဆီးရာတွင် ပါဝင်သည့် အာရက္ခတပ်တော် တာဝန်ရှိသူ တစ်ဦးက ငါးဖမ်းသမားများအား သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ဥဒေါင်းချောင်းဝ၏အနောက် ၄ ကီလိုမီတာခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါ ငါးဖမ်းလှေ ၄ စီးကို အာရက္ခတပ်တော် AA ကဖမ်းဆီးရရှိခဲ့သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အာရက္ခရေပိုင်နက်၌ တရားမဝင် ငါးခိုးဖမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေ ၆ စင်းကို အာရက္ခတပ်တော် ကမ်းရိုးတန်းစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့သည်။
ထိုအထဲမှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်နှင့် နေ့လယ် ၃ နာရီအချိန်ခန့်တွင် ဖမ်းဆီးရရှိခဲ့သည့် ရေလုပ်သား ၁၀ ဦးပါ ငါးဖမ်းလှေ ၂ စင်းနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီကျော်အချိန်တွင် ဖမ်းဆီးရရှိခဲ့သည့် ရေလုပ်သား ၁၉ ဦးပါ ငါးဖမ်းလှေ ၄ စင်းကို အာရက္ခတပ်တော် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။