ABN-ရာဟု
ဇူလိုင် ၁၄ ရက်
KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စု ကားလမ်းမကြီးကို လုံခြုံရေးအတွက် စစ်ဆေးခြင်းများကို ဇူလိုင်လ ၁၃ရက်နေ့က လုပ်ဆောင်ခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး အမှတ် ၃ စစ်ဒေသခွဲ တောင်ပိုင်းတိုင်း J.O.Cက သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ တပ်ရင်းများနှင့် တပ်ဖွဲ့ ဝင်များသည် အရပ်သားကားများ၊ ခရီးသည်တင်ယာဥ်များကို အသုံးပြုကာ လက်နက်ခဲယမ်းများအပါအဝင် စစ်အင်အားတိုးချဲ့ ခြင်းများ ဆောင်ရွက်နေသဖြင့် စစ်ဆေးခြင်းများပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမပေါ်တွင် ခရီးသွားလာနေကြသည့် မော်တော်ယာဉ်များ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ၄င်းတို့နှင့် သက်ဆိုင်သည့် ပစ္စည်းများကို တင်ဆောင်ခြင်းများ မပြုလုပ်ကြရန်၊ ပြည်သူများအနေဖြင့် စစ်တပ်ပိုင် ယာဉ်များပေါ်တွင် လိုက်ပါစီးနင်းခြင်းမျိုး မပြုလုပ်ကြရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့်ယာဉ်များအနေဖြင့်လည်း စစ်ဆေးသည့်အခါ ကြည်ဖြူစွာ အစစ်ဆေးခံရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ အဆိုပါစစ်ဆေးခြင်းများကို ဇွန်လ ၁၅ရက်နေ့ကစတင်ကာ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူစစ်ဆေးခြင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။