
AB News – ဒီဇင်ဘာ ၁၀၊၂၀၂၄
ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၈ အိမ် မီးလောင်သွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၇နာရီလောက်တွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၈ အိမ်မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံနှင့် အနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ် ၁၅ ဆောင်အထိ မီးလောင်ပျက်စီးခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ရက်နေ့ကလည်း စစ်ကောင်စီက တောင်ကုတ်မြို့၊ မြို့မစျေးနှင့် ညစျေးတန်းတို့ကို ဂျက်တိုက်လေယာဥ် ၂စီးဖြင့် ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် စျေးဆိုင်ခန်း ၈၀ နီးပါးပျက်စီးသွားခဲ့သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄နာရီလောက်ကလည်း တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ကို စစ်ကောင်စီမှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူပိုင်နေအိမ်အချို့နှင့် ညစျေးတန်းမီးလောင် ထိခိုက်ပျက်စီးသွားခဲ့ရသည်။